ကိုရီးယား ဆွေးနွေးပွဲနေ့ အဓိကကျတဲ့ အချက်များ

ဓာတ်ပုံ မူပိုင် EPA
Image caption မွန်းဂျေအင်းဟာ ပြုံးယမ်းကို လာမယ့် ဆောင်းဦးပေါက်မှာ သွားဖို့လည်း အခုတွေ့ဆုံမှုမှာ အတည်ပြုနိုင်ခဲ့ပါတယ်

■ဒီကနေ့ မနက် ဒေသစံတော်ချိန် ၈ နာရီအကျော်လောက်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တောင်ကိုရီးယား ပိုင်နက်နယ်မြေထဲကို ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပါတယ်။

ဒါဟာ ကိုရီးယား စစ်ပွဲအဆုံးသတ်ခဲ့တဲ့ ၁၉၅၃ ကစလို့ ၆၅ နှစ်တာ ကာလအတွင်း မြောက်ကိုရီးယား သမ္မတအနေနဲ့ တောင်ကိုရီးယား နိုင်ငံဘက်ကို သမိုင်းဝင်အဖြစ် ရောက်ရှိလာခဲ့တဲ့ အခိုက်အတန့်ပဲဖြစ်ပါတယ်။

■မွန်ဂျေအင်းကလည်း မြောက်ကိုးရီးယားဘက်ကို ခြေချခဲ့ပါတယ်။

■နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပတဲ့နေရာကတော့ စစ်မဲ့ဇုန်က ပန်မွန်ဂျုံကျေးရွာမှာပါ။

■မြောက်ကိုရီးယားရိုးရာ ခေါက်ဆွဲအေးကို ကင်က ယူလာခဲ့ပြီး တောင်ကိုရီးယား ကိုယ်စားလှယ်တွေအတွက်လည်း ပါဝင်ပါတယ်။

■ဆိုးလ်မြို့ကနေ မွန်းဂျေအင်းရဲ့ ကားတန်းထွက်တော့ ဆွေးနွေးပွဲ အောင်မြင်ပါစေ ဆုတောင်းပေးနေတဲ့ တောင်ကိုရီးယားတွေလည်း အမြောက်အမြားရှိနေတာပါ။

■ ဆွေးနွေးပွဲအပြီးမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ သစ်ပင်စိုက်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် JUNG YEON-JE
Image caption ဆွေးနွေးပွဲ အောင်မြင်ပါစေ ဆုတောင်းပေး

■ဒေသခံ စံတော်ချိန် ၅ နာရီအချိန်မှာတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ကမ္ဘာ့မီဒီယာတွေရှေ့မှာ နှစ်ယောက်တွဲလို့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

■ဆွေးနွေးပွဲမှာ အဓိကအနေနဲ့ နျူကလီးယား လျှော့ချရေးနဲ့ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် အဓိက ထားခဲ့သလို ၁၉၅၃ ခုနှစ် အပစ်အခတ်ရပ်စဲစာချုပ်ကို ငြိမ်းချမ်းရေးစာချုပ်အဖြစ် ပြောင်းလဲဖို့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေဘက်က ကြိုးစားသွားဖို့ သဘောတူခဲ့ကြတာပါ။

■နှစ်ဘက်ရန်လိုမှုတွေနဲ့ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ နှစ်နိုင်ငံ နယ်စပ်က စစ်မဲ့ဇုန်ကို ငြိမ်းချမ်းရေးဇုန်အဖြစ် မေလ ၁ ရက်မှာ ပြောင်းလဲခေါ်ဆိုဖို့လည်း သဘောတူခဲ့ပါတယ်။

■ ကိုရီးယားကျွန်းဆွယ်က နျူကလီယား လက်နက်တွေ လျော့ချဖို့လည်း သဘောတူခဲ့ကြောင်း သမိုင်းဝင်ဆွေးနွေးပွဲမှာ သဘောတူခဲ့တယ်လို့ နှစ်ဘက်ပူးပေါင်းထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နျူကလီးယား လျှော့ချမယ့် အစီအစဉ်ကို ပြည့်ပြည့်စုံစုံရှင်းရှင်းလင်း မဖော်ပြထားပေမယ့် နှစ်ဘက်ပူးပေါင်းထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရတော့ ကိုရီးယား ကျွန်းဆွယ်တခုလုံးမှာ နျူကလီးယား လျှော့ချရေးကို ဦးတည်ကြမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

■ ကိုရီးယား စစ်ပွဲကာလကတည်းက ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်ပေါင်းဆုံနိုင်ဖို့ ဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တနိုင်ငံလုံး ရင်တမမ

■နှစ်နိုင်ငံ လေကြောင်းနဲ့ ကုန်းလမ်းဆက်သွယ်မှုတွေကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲပြီး ဆက်သွယ်မှု တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ နဲ့ လာမဲ့ အာရှအားကစားပြိုင်ပွဲမှာ နှစ်နိုင်ငံပူးပေါင်းပြိုင်ပွဲဝင်ဖို့ တို့လို ကိစ္စတွေ ပါဝင်ပါတယ်။

■မွန်းဂျေအင်းဟာ ပြုံးယမ်းကို လာမယ့် ဆောင်းဦးပေါက်မှာ သွားဖို့လည်း အခုတွေ့ဆုံမှုမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

■နှစ်ဘက်ခေါင်းဆောင်တွေရဲ့ အမျိုးသမီးတွေကို ဒီကနေ့ မနက်ပိုင်းမှာ မတွေ့ရပေမယ့် အခု ညနေပိုင်း ညစာစားပွဲ ကျင်းပခါနီးအချိန်မှာတော့ နှစ်ဘက်ခေါင်းဆောင်တွေရဲ့ အမျိုးသမီးတွေကို မြင်တွေ့ရတာလည်း ထူးခြားမှုအဖြစ် ရှိနေခဲ့ပါတယ်။

■တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီသမိုင်းဝင်ဆွေးနွေးပွဲရဲ့ ရလဒ်ကို ချီးကျူးလိုက်ပါတယ်။

ဒီဆွေးနွေးပွဲဟာ ကိုရီးယားကျွန်းဆွယ် ရေရှည်တည်ငြိမ်အေးစေဖို့အတွက် အလှည့်အပြောင်းဖြစ်စေတဲ့ အခိုက်အတန့်ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်မ်နဲ့မွန်ကြား ဘာတွေ မပြောအပ်ဘူးလဲ

ဆက်စပ် အကြောင်းအရာများ