မုဒိမ်းမှု ဆန့်ကျင်သူ အမျိုးသမီး ၃ သောင်းကျော်ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption မုဒိမ်းမှုကို အပြစ်ပေးတာ ပျော့လို့ အမျိုးသမီး ၃ သောင်းကျော် လမ်းပေါ်ထွက်ဆန္ဒပြ

စပိန်နိုင်ငံ ပန်ပလိုနာ မြို့မှာ ဧပြီလ ၂၈ ရက် စနေနေ့က လူပေါင်း ၃ သောင်းကျော် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူ အများစုဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

အမျိုးသား ၅ ယောက်ကို မုဒိမ်းမှုကနေ လွတ်မြောက်ခွင့်ပြုလိုက်တဲ့ အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

တရားရုံးက ယောက်ျား ၅ ယောက်ဟာ မုဒိမ်းကျင့်ခဲ့တာမဟုတ်ဘဲ လိင်မှုဆိုင်ရာ စော်ကားမှုလုပ်ခဲ့တာလို့ ဆိုတဲ့ အတွက် မကျေမနပ် ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ တတိယနေ့ရက် မြောက်ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက "ဒါဟာ စော်ကားတာမဟုတ်ဘူး၊ မုဒိမ်းကျင့်တာ။ လမ်းတွေနဲ့ ညတွေဟာ ငါတို့ အတွက်ပဲဖြစ်ရမယ်" လို့ ကြွေးကြော်ဆန္ဒပြကြပါတယ်။

စပိန်နိုင်ငံဥပဒေအရ မုဒိမ်းမှုနဲ့ လိင်မှုဆိုင်ရာ စော်ကားမှုနဲ့ မုဒိမ်းမှုဟာ အပြစ်ကြီးလေးပုံချင်း ကွာခြားပါတယ်။ အကြမ်းဖက်မှု ခြိမ်းခြောက်မှု မပါတဲ့ အဓမ္မပြုကျင့်မှုကို လိင်မှုဆိုင်ရာ စော်ကားတာလို့ သတ်မှတ်ပြီး အကြမ်းဖက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်မှသာ မုဒိမ်းမှုလို့ သတ်မှတ်တာဖြစ်ပါတယ်။

အခု အဓမ္မပြုကျင့်သူ အမျိုးသား ၅ ယောက်ကို ထောင်ဒဏ် ၉ စီပြစ်ဒဏ်ချခဲ့ပါတယ်။ မုဒိမ်းမှုမြောက်ရင် ထောင်ဒဏ် အနှစ် ၂၀ အထိကျနိုင်ပါတယ်။

ရဲမှတ်တမ်းအရ ဖြစ်ပျက်ခဲ့ပုံဟာ အသက် ၂၀ ဝန်းကျင် အမျိုးသား ၅ ယောက်က အသက် ၁၈ နှစ်အရွယ် မိန်းကလေး တယောက်ကို ဝန်းရံပြီး အခန်းကျဉ်းတခုထဲ ဆွဲသွင်းသွားခဲ့ပါတယ်။ အဲဒီနောက် အလိုမတူဘဲ လိင်ဆက်ဆံ ခဲ့ပါတယ်။ အဲဒါကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး WhatsApp လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။

အခုတရားရုံးက ဒါကို မုဒိမ်းမှု မဟုတ်ဘဲ လိင်မှုဆိုင်ရာ စော်ကားမှုလို့ သတ်မှတ်ပြစ်ဒဏ်ချတာဟာ သိပ်ပျော့လွန်းတယ်လို့ ယူဆတဲ့ အတွက် အမျိုးသမီး အများစုက ကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြသူ အမျိုးသမီးတယောက်က

"ကျမတို့ အမျိုးသမီးတွေအားလုံး ညဘက် အပြင်ထွက်ရင် ကြောက်ရွံရတာမျိုးကို မလိုလားဘူး။ အခုတော့ အမြဲလိုလို ကြောက်နေရတယ်။ ဒါဟာ စက်ဆုပ်ရွံရှာဖို့ ကောင်းတယ်။ မတရားဘူး။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝတခု လို ဖြစ်နေတယ်။ ဒါပေမယ့် လူဦးရေရဲ့ တဝက်လောက်ဟာ ကြောက်ရွံ့ နေရတာဟာ သဘာဝ မဟုတ်ဘူး။ လူတယောက်ဟာ ညဘက်အပြင်ထွက်တဲ့အခါ အဖော်မပါဘဲ မထွက်ရဲဘူးဆိုတာဟာ သဘာဝကျတဲ့ ဖြစ်စဉ်မဟုတ်ဘူး" လို့ ပြောပါတယ်။

မကျေနပ်ကြသူလူထုဟာ ဘာစီလိုနာ၊ မဒရစ်၊ ဗလင်စီယား မြို့တွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။