မြောက်ကိုရီးယားနျူးကလီးယား စမ်းသပ်စခန်း မေလပိတ်မယ်

ဓာတ်ပုံ မူပိုင် CNES - NATIONAL CENTRE FOR SPACE STUDIES VIA AIRB
Image caption စမ်းသပ်စခန်းရဲ့ မြေနေရာကို ဂြိုဟ်တု ဓာတ်ပုံတွေက တဆင့်ပဲ နိုင်ငံတကာက သိရှိထား

မြောက်ကိုရီးယားရဲ့ နျူးကလီးယားဗုံး စမ်းသပ်မှု အားလုံးကို လုပ်ခဲ့တဲ့ စမ်းသပ်စခန်းတခုကို မြောက်ကိုရီးယားက မေလမှာ ပိတ်မယ်လို့ဆိုကြောင်း တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့ပါတယ်။

ပန်ညီရီ နျူးကလီးယား စမ်းသပ်စခန်း ပိတ်တာကို မြောက်ကိုရီးယားက အများရှေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားက ပညာရှင်တွေကိုလည်း လာကြည့်ဖို့ မြောက်ကိုရီးယားက ဖိတ်ခေါ်မယ်လို့ တောင်ကိုရီးယား သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အဲဒီ စမ်းသပ်စခန်းရဲ့ မြေနေရာကို ဂြိုဟ်တု ဓာတ်ပုံနဲ့ ပစ္စည်း ကိရိယာတွေ ပြောင်းရွှေ့မှုကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေက တဆင့်ပဲ နိုင်ငံတကာက သိရှိထားပါတယ်။

အခုလို လုပ်ဖို့ ကိစ္စကို ပြီးခဲ့တဲ့ သောကြာနေ့ ဧပြီလ ၂၇ ရက်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံတဲ့အချိန်မှာ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့လည်း တောင်ကိုရီးယားဘက်က ပြောပါတယ်။

အခုလို ပိတ်သိမ်းမယ့် နျူးကလီးယား စမ်းသပ်စခန်းဟာ မြောက်ကိုရီးယား နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာ ဖြစ်ပြီး အဲဒီ စခန်းအနီးက မန်တပ်တောင်ရဲ့ အောက်မှာ လိုဏ်ခေါင်းတွေ တူးပြီး မြောက်ကိုရီးယားက နျူးကလီးယား ဗုံးတွေ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀ဝ၆ ခုနှစ်က စပြီး အဲဒီ စခန်းမှာ နျူးကလီးယားဗုံး စမ်းသပ်မှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် KCNA
Image caption အဲဒီ စခန်းမှာ နျူးကလီးယားဗုံး စမ်းသပ်မှု ၆ ကြိမ် ပြုလုပ်ထား

၂၀၁၇ ခုနှစ် စက်တင်ဘာလက လုပ်ခဲ့တဲ့ နောက်ဆုံး စမ်းသပ်မှု အပြီးမှာတော့ အဲဒီ စမ်းသပ်စခန်း အနီးတဝိုက်ကို ငလျင်ငယ်တွေ လှုပ်ခဲ့ပြီး မန်တပ်တောင်ရဲ့ အတွင်းပိုင်း မြေပြိုမှုတွေ ဖြစ်နိုင်တယ် ဆိုပြီး ငလျင် ပညာရှင်တွေက ယူဆထားပါတယ်။

အခုလို အခြေအနေကြောင့် ဒီပိတ်သိမ်းမယ့် စခန်းဟာ အသုံးမပြု နိုင်တော့တဲ့ အခြေအနေရှိတယ်ဆိုတဲ့ တရုတ်ဘက်က ထွက်နေတဲ့ သတင်းတွေကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံပွဲအတွင်း ပယ်ချထားပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား ကင်းစင်ရေး ကိစ္စအပြင် စံတော်ချိန် နာရီဝက် ကွာနေတာကိုလည်း တောင်ဘက်နဲ့ တူအောင် မြောက်ဘက်က ညှိမယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စကိုတော့ မြောက်ကိုရီးယားဘက်ကတော့ တရားဝင် မှတ်ချက် မပေးခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ပွဲကို ၁၉၅၃ မှာ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် တရားဝင် ပြေငြိမ်းခြင်း မရှိသေး

ကိုရီးယားကျွန်းဆွယ်မှာ တရားဝင် ငြိမ်းချမ်းရေး ယူနိုင်ပြီဆိုရင် နျူးကလီးယားလက်နက်လည်း မလိုတော့ဘူး ဆိုပြီးတော့လည်း မစ္စတာ ကင်က မစ္စတာ မွန်ဂျေအင်းနဲ့ တွေ့တဲ့အချိန်မှာ ပြောကြားခဲ့ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးဟာ အမေရိကန်နဲ့ တရုတ် တို့နဲ့ ဆွေးနွေးပြီး ကိုရီးယားစစ်ပွဲကို တရားဝင် ပြေငြိမ်းဖို့အတွက် ငြိမ်းချမ်းရေး စာချုပ် ချုပ်မယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ပွဲကို ၁၉၅၃ မှာ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် တရားဝင် ပြေငြိမ်းခြင်း မရှိသေးတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်မ်နဲ့မွန်ကြား ဘာတွေ မပြောအပ်ဘူးလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်နဲ့မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးရဲ့ သမိုင်းဝင်တွေ့ဆုံမှု

တောင်နဲ့ မြောက်ကိုရီးယား ထိပ်သီး တွေ့ဆုံပွဲ အတွင်း နှစ်ဖက် ဝါဒဖြန့် အသံလွှင့်မှု အပါအဝင် အပြန်အလှန် ရန်လိုတဲ့ အပြုအမှုတွေကို အဆုံးသတ်ပြီး စစ်ရေး ကင်းမဲ့ဇုံကို ငြိမ်းချမ်းရေးဇုံအဖြစ် ပြောင်းဖို့၊ စစ်ရေး လျှော့ချဖို့၊ တရုတ်၊ အမေရိကန်တို့နဲ့ လေးပွင့်ဆိုင် ဆွေးနွေးဖို့၊ နှစ်ဖက်ကွဲနေတဲ့ မိသားစုဝင်တွေ တွေ့ဆုံရေး စီစဉ်ပေးဖို့၊ နှစ်ဖက် ကုန်းလမ်း ဆက်သွယ်ရေး အဆင့်မြှင့်ဖို့နဲ့ အားကစားပြိုင်ပွဲတွေမှာ နောက်ထပ် ပူးပေါင်း ယှဉ်ပြိုင်မှုတွေ လုပ်ဖို့ ကိစ္စတွေကိုလည်း သဘောတူခဲ့ကြပါတယ်။

ဧပြီလ ၂၈ ရက်နေ့မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ နောက် သုံး လေးပတ် အတွင်း နျူးကလီးယား ဖျက်သိမ်းရေး ကိစ္စ ဆွေးနွေးနိုင်ကြောင်း ကြေညာထားပေမယ့် နိုင်ငံနဲ့ နေရာကိုတော့ မသတ်မှတ်ရသေးပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်နဲ့မြောက်ခေါင်းဆောင်နှစ်ဦးတွေ့ဆုံပွဲအတွက် ပြင်ဆင်နေမှု