နျူစမ်းသပ်စခန်းကို မြောက်ကိုးရီးယားက စစ်ဆေးကြည့်ရှုခွင့် ပေးမယ်

ဓာတ်ပုံ မူပိုင် EPA
Image caption Punggye-ri နျူကလီးယား စမ်းသပ်ရေး စခန်းကို လေ့လာနေကြပုံ

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း က ပန်ညီရီ နျူကလီးယား စမ်းသပ်စခန်း ကို ပိတ်ပစ်မယ် လို့ ကြေညာ အပြီးမှာ တောင်ကိုးရီးယား အရာရှိတွေ ကို ထပ်ပြောတဲ့ အထဲမှာ အများရှေ့ မှောက် မှာ လုပ်မှာ ဖြစ်တဲ့ အတွက် ဆိုလ်းမြို့တော် မှ နျူကလီးယား ကျွမ်းကျင်သူတွေ အပြင် အမေရိကန် ကိုလည်း စစ်ဆေးကြည့်ရှုခွင့် ပေးမဲ့ အကြောင်း ပါဝင် ပါတယ်။

ဒီနည်းအားဖြင့် သူ့အနေနဲ့ အမေရိကန် နဲ့ ယုံကြည်မှု တည်ဆောက်နိုင်မယ် လို့ မျှော်လင့် ကြောင်းလည်း ကင်ဂျုံအွန်း က ပြောပါတယ်။

ဒါကြောင့် မို့ အမေရိကန် သမ္မတ ထရမ့် နဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့ အခါမှာလည်း သူဟာ ရန်လိုတဲ့ သူ မဟုတ်ဘူး ဆိုတာ ကို ပိုပြီး သဘောပေါက်မယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျွန်ဘိုလ်တန် ကတော့ မြောက်ကိုးရီးယား ဟာ အမှန်တကယ် နျူကလိယပ် လက်နက် ထုတ်လုပ်မှု ကို ရုပ်သိမ်းပစ်ဖို့ ပြင်ဆင်နေပြီ ဆိုတာ ကို အလေးအနက် ထားဖို့ လိုကြောင်း ပြောပါတယ်။

တကယ်လို့ ကင်ဂျုံအွန်း အနေနဲ့ မြောက်ကိုးရီးယား မှာ နျူကလိယပ် လက်နက်တွေ မရှိသင့်တော့ ဘူး ဆိုတဲ့ နည်းဗျူဟာ ကျကျ ဆုံးဖြတ်ချက် ချမယ် ဆိုရင်တော့ အမေရိကန် ဘက်ကလည်း ဆွေးနွေးပြောစရာ အချက် တွေ ရှိလာပြီ ဖြစ်တဲ့ အတွက် ဒီအခွင့်ကောင်း ပေါ်မှာလည်း သမ္မတ ထရမ့် က လက်တွေ့ အသုံးချဖို့ စိတ်ထက်သန် မယ် လို့ ထင်ကြောင်း မစ္စတာ ဘိုလ်တန်က ဆိုပါတယ်။

မစ္စတာ ဘိုလ်တန် နောက်ထပ် ပြောတဲ့ အထဲမှာ ဒီအခြေ အနေ အထိ တိုးတက် ကောင်းမွန် လာခြင်းဟာ လည်း အမေရိကန် ရဲ့ ဘက်ပေါင်းစုံ က ဖိအားတွေ ကြောင့် လို့ ထောက်ပြပါတယ်။

လစ်ဗျား ခေါင်းဆောင်ဟောင်း Colonel Gaddafi လက်ထက်တုန်းက နျူကလီးယား ရှာဖွေစမ်းသပ် မှုကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သလို မြောက်ကိုရီးယားကလည်း ဒါကို စံနမူနာယူ လိုက်လုပ်သင့်တယ် လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးJohn Bolton က ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ အလားတူ ခံယူချက်မျိုး ချမှတ်ကာ သူ့ရဲ့နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ဖို့ အလေးနက်ထားကြောင်း အမေရိကန် အစိုးရကို ဆွဲဆောင်ပြသသင့်တယ်လို့ ရုပ်မြင်သံကြား မေးမြန်းခန်းတခုမှာ မစ္စတာ ဘိုလ်တန်က ပြောသွားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ လစ်ဗျားရဲ့ အတွေ့အကြုံကို လေ့လာခဲ့ပေမယ့် မတူညီတဲ့ အဆုံးသတ် နိဂုံး ကောက်ချက်ချတာမျိုး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နေတိုးအဖွဲ့ထောက်ပံ့ပေးခဲ့တဲ့ သူပုန်တွေရဲ့ လက်ချက်နဲ့ ရာထူးကဖယ်ရှား သတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ကံကြမ္မာလိုမျိုး မကြုံရအောင် နျူကလီးယား လက်နက် ရှိထားဖို့ လိုတယ်လို့ မြောက်ကိုရီးယား က အရင်တုန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

မြောက်နဲ့ တောင် ကိုးရီးယား ကြား က အချိန်နာရီကပင် မြောက်နဲ့ တောင် ခေါင်းဆောင် နှစ်ဦးတွေ့ ဆုံတဲ့ နယ်စပ် က ငြိမ်းချမ်းရေး စံအိမ် မှာ အချိန် နှစ်မျိုး ဖြစ်နေတာ တွေ့ရလို့ သူကြေကွဲ မိကြောင်းလည်း ကင်ဂျုံအွန်း က ပြောပြီး အခုတော့ တောင်ကိုးရီးယား စံတော်ချိန် နဲ့ တူအောင် ထားမယ် လို့ ဆိုပါတယ်။