ယူရေနီယမ်ပြန်သန့်စင်ဖို့ အသင့်ပြင်ထားတယ်လို့ ကန်ကို အီရန်တုံ့ပြန်

ဓာတ်ပုံ မူပိုင် EPA

အမေရိကန်က နျူကလီးယား စာချုပ်ကနေ နုတ်ထွက်မယ်လို့ ကြေညာအပြီး အမေရိကန်မပါဘဲနဲ့ နျူကလီးယား စာချုပ်ဆက်ပြီးတော့ အသက်ဝင်မဝင် စစ်ဆေးဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို အီရန် သမ္မတ ဟာဆန် ရိုဟန်နီက အမိန့်ပေးလိုက် ပါတယ်။

စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က စာချုပ်ကို ဆက်လိုက်နာမယ် ဆိုရင် စာချုပ်က အသက်ဝင်နေမယ်လို့ သူက ဆိုပါတယ်။

ဒါအပြင် အီရန်က တာဝန်ရှိသူတွေအနေနဲ့ ယူရေနီယမ် ပြန်လည် သန့်စင်ဖို့ အသင့်ပြင်ထားဖို့လည်း မစ္စတာ ရိုဟန်နီက အမိန့်ပေး လိုက်ပါတယ်။

အီရန် နျူကလီးယား စွမ်းအင်အဖွဲ့ကို လိုအပ်ရင် အသင့်ပြင်ထားဖို့ အမိန့်ပေးထား သလို သန့်စင်တဲ့လုပ်ငန်းတွေကို အကန့်အသတ်မရှိ ပြန်စနိုင်မယ်လို့ သူက ပြောပါတယ်။

ဆုံးဖြတ်ချက်မချခင် မဟာမိတ်တွေ နျူကလီးယား စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ သူတွေနဲ့ ဆွေးနွေးဖို့ ရက်သတ္တပတ် အနည်းငယ်စောင့်မှာဖြစ်သလို အားလုံးက တိုင်းပြည်ရဲ့ အကျိုးစီးပွားအပေါ်မှာ မူတည်နေတယ်လို့ မစ္စတာ ရိုဟန်နီက ပြောပါတယ်။

မစ္စတာ ထရမ့်ဟာ စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်နေတယ်လို့လည်း မစ္စတာ သူက စွပ်စွဲလိုက်ပါတယ်။

၂၀၁၅ ခုနှစ် အမေရိကန် သမ္မတဟောင်း အိုဘားမားလက်ထက်မှာ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်နဲ့ ဂျာမနီတို့က အီရန်နဲ့ နျူကလီးယား သဘောတူ ညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်က ဒီစာချုပ်ကနေ နုတ်ထွက်ဖို့ သမ္မတ ထရမ့်က ကြေညာ လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

သူ့ အကြောင်းပြချက် ကတော့ အီရန်ဟာ ၂၀၁၅ က JCPOA ခေါ် ပူးတွဲဆောင်ရွက်ရေး ဆိုင်ရာ အစီအစဉ် ကို လက်မှတ်ထိုးခဲ့ ပေမဲ့ အီရန် ဘက် က လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် ဆိုတာရယ်၊ ဒီစာချုပ်ဟာ သမ္မတ ဟောင်း အိုဘားမား လက်ထက် က ချုပ်ဆိုခဲ့တာမို့ အီရန် အပေါ် နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ ထိန်းချုပ်မှု အပိုင်းလျော့ရဲခဲ့လို့ ဒီစာချုပ်ကို သူ လက်မခံနိုင်ဘူး လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် သမ္မတထရမ့်က အီရန် အပေါ်မှာ ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန် အကောင်အထည်ဖေါ်မယ် လို့ ဆိုပါတယ်။

ဒီအတွက် အီရန်မှာ နိုင်ငံခြား ကုမ္ပဏီ တွေ က ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး ဆိုင်ရာ ရင်းနှီးမြုပ်နှံမှု တွေ ပြုထားတဲ့ အပေါ်မှာပါ သက်ရောက်မှု တွေ ရှိလာနိုင်ပါတယ်။

ဒါ့အပြင် အမေရိကန် နဲ့ နီးစပ်မှု ရှိတဲ့ မဟာမိတ်နိုင်ငံ တွေနဲ့ လည်း သံတမန် ရေးရာ ထိပ်တိုက်မှု ဖြစ်စေနိုင်တဲ့ အပြင် အရှေ့အလယ် ပိုင်းမှာလည်း စစ်ပွဲ အသစ်တွေ ပေါ်ပေါက်နိုင်ပါသေးတယ်။

ဓာတ်ပုံ မူပိုင် AFP

အမေရိကန်ရဲ့ နျူကလီးယား စာချုပ်ကနေ အမေရိကန် နုတ်ထွက်သွားတဲ့အပေါ် ဗြိတိန်၊ ပြင်သစ်နဲ့ ရုရှားတို့က စိတ်မကောင်း ဖြစ်ရတယ်လို့ တုံ့ပြန်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားက ဒီဆုံးဖြတ်ချက်ကို ရှုတ်ချလိုက်ပြီး ကြီးမားတဲ့အမှားအယွင်းတခုကို ကျူးလွန်တာလို့ ပြောပါတယ်။

ဥရောပ သမဂ္ဂ၊ ကုလသမဂ္ဂတို့ဘက်ကလည်း အီရန် နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အမေရိကန် တခုတည်း နဲ့ သက်ဆိုင်တာ မဟုတ်ပဲ နိုင်ငံ အများနဲ့ ပတ်သက်နေပြီး ကမ္ဘာကြီးတခုလုံးရဲ့ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှု ရှိရေး အတွက်ပါ အရေးပါတဲ့ အတွက် ဆက်လက် ထိန်းသိမ်း သွားမဲ့ အကြောင်း အသီးသီး ထုတ်ပြန် ပြောဆိုကြပါတယ်။

ဒါပေမယ့် အစ္စရေးနဲ့ ဆော်ဒီတို့ကတော့ နျူကလီးယား စာချုပ်ကနေ အမေရိကန် နုတ်ထွက်သွားတာကို ကြိုဆိုလိုက်ပါတယ်။

ဆက်စပ် အကြောင်းအရာများ