ဒုဝန်ကြီးချုပ်ဟောင်း အန်နဝါ အီဘရာဟင်ကို လွှတ်ပေးဖို့ သဘောတူ

ဓာတ်ပုံ မူပိုင် GOH CHAI HIN
Image caption အကျဉ်းစံ အန်နဝါ အီဘရာဟင်

မလေးရှားမှာ လောလောလတ်လတ် ရွေးကောက်ခံလိုက်ရတဲ့ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ထောင်ကျနေတဲ့ သူ့နိုင်ငံရေး ပြိုင်ဘက် အန်နဝါ အီဘရာဟင်ကို မလေးဘုရင်က အပြစ်က ချက်ချင်းခွင့်လွှတ်ပြီး လွှတ်ပေးဖို့ သဘောတူ ထားတယ်လို့ဆိုပါတယ်။

မစ္စတာအီဗရာဟင်ဟာ လိင်တူချင်း ဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ကျခံနေရတာ သုံးနှစ်ရှိပါပြီ၊ သူကတော့ ဒီစွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ လုပ်ကြံစွဲဆိုချက်တွေလို့ ပြောထားပါတယ်။

ဒေါက်တာ မဟာသီယာကတော့ မစ္စတာအီဗရာဟင် ဝန်ကြီးချုပ်ဖြစ်လာအောင် နှစ်နှစ်အတွင်း သူနေရာကဖယ်ပေးမယ်ဆိုတဲ့ ကတိကိုလည်း ထပ်ပေးခဲ့ပါတယ်။

Wikileaks မှာ စွပ်စွဲချက်တွေကို မလေး အတိုက်အခံ ငြင်းဆို

ဓာတ်ပုံ မူပိုင် ROSLAN RAHMAN
Image caption ခင်ပွန်းကို ဆေးရုံမှာ သွားတွေ့ခဲ့

အီဗရာဟင်ရဲ့ ဇနီးသည် လက်ရှိ ဒုတိယဝန်ကြီးချုပ် ဝမ်အာဇီဇာဝအ် အစ္စမေးလ် က ပုခုံးဒဏ်ရာ ရထားတဲ့ သူ့ခင်ပွန်းကို ဆေးရုံမှာ သွားတွေ့ခဲ့ပါတယ်။

သူ့ယောက်ျား ရက်ပိုင်းအတွင်း လွတ်လာလိမ့်မယ်လို့ ယူဆကြောင်းလည်း ဇနီးက ပြောပါတယ်။

မဟာသီယာ ကျမ်းသစ္စာကျိန်ဆို

လွတ်ဖို့ လွယ်သွားပါပြီ၊ ဘုရင်ရဲ့ ခွင့်လွှတ်ချက် ရပြီးပြီ ဆိုရင် ထောင်က လွှတ်ပေးလို့ ရပါပြီ၊ ၂ ရက် ၃ ရက်အတွင်း လွတ်လာတော့မယ် ထင်ပါတယ်လို့ သူက ပြောသွားပါတယ်။

တချိန်က မလေးရှားနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင် ဖြစ်လာနိုင်သူလို့ အများက ယူဆခဲ့ကြတဲ့ ဒုတိယ ဝန်ကြီးချုပ်ဟောင်း အန်နဝါ အီဘရာဟင်ဟာ အစိုးရ အဖွဲ့တွင်း အငြင်းပွားမှုဖြစ်ခဲ့ ပြီးနောက် အဂတိလိုက်စားမှု လိင်တူချင်း ဆက်ဆံမှု စွဲချက်တွေနဲ့ ဖမ်းဆီး ထောင်ချ ခံခဲ့ရ ပါတယ်။

ဓာတ်ပုံ မူပိုင် Ulet Ifansasti
Image caption အန်နဝါကို ထောက်ခံသူတွေ စုရုံး

မဟာသီယာ မိုဟာမက် ဝန်ကြီးချုပ် ဖြစ်ခဲ့စဉ် ကာလက သူကိုယ်တိုင် ထောင်ချ ခဲ့သူကို အခု တကျော့ပြန် အရွေးခံရတော့ ပြန်လွှတ်ပေးမယ်လို့ ကတိတွေ ပြုခဲ့ပြီးနောက် အခု ဘုရင်ကြီးရဲ့ လွတ်ငြိမ်းခွင့် ရလာတာပါ။

အပြည့်အဝ လွတ်ငြိမ်းခွင့် ပေးမှာပါ၊ ခွင့်ပြုတာနဲ့ သူ့ကို ချက်ချင်း လက်ငင်း လွှတ်ပေးမှာပါ။ အဲဒီနောက် လွတ်လွတ်လပ်လပ် နိုင်ငံရေးမှာ အပြည့်အဝ ပါဝင် လှုပ်ရှားခွင့် ရမှာပါလို့ ဝန်ကြီးချုပ် မဟာသီယာက စောစောပိုင်းက ပြောခဲ့ပါတယ်။

Pakatan Harapan ပါတီ အကြီး အကဲဖြစ်သူ မစ္စတာ မဟာသီယာရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုက Barisan Nasional BN ညွန့်ပေါင်း အစိုးရ အဖွဲ့ရဲ့ နှစ်ပေါင်း ၆ဝ ကျော်ကြာ မလေးရှားမှာ အာဏာ ချုပ်ကိုင်ထားမှု အဆုံးသတ် သွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MANAN VATSYAYANA
Image caption မဟာသီယာနဲ့ အန်နဝါရဲ့ ဇနီး

ထူခြားတဲ့ အလှည့် အပြောင်း

အဲဒီ BN ညွန့်ပေါင်း အစိုးရ အဖွဲ့မှာ ဝန်ကြီးချုပ်နဲ့ ဒုတိယ ဝန်ကြီးချုပ်တွေ အဖြစ် ဟိုးတချိန်က တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ မစ္စတာ မဟာသီယာနဲ့ မစ္စတာ အန်နဝါ တို့ရဲ့ ဆက်ဆံရေးကလည်း ထူခြားတဲ့ အလှည့် အပြောင်းတွေ ရှိခဲ့ပါတယ်။

ညွန့်ပေါင်း အစိုးရအဖွဲ့တွင်း အငြင်းပွားမှုတွေကြောင့် ၁၉၉၈ ခုနှစ်က ဒုတိယ ဝန်ကြီးချုပ် အဖြစ်ကနေ မစ္စတာ အန်နဝါဖြုတ်ချ ခံခဲ့ရပြီး ဝန်ကြီးချုပ် မဟာသီယာရဲ့ အစိုးရကို အကြီးအကျယ် ဆန့်ကျင် ဆန္ဒ ပြမှုတွေ ရှိခဲ့ပါတယ်။ မစ္စတာ အန်နဝါ အာဏာ အလွဲသုံးစားမှုနဲ့ တနှစ်ကြာ ထောင်ချခံခဲ့ရပြီး ၂ဝဝဝ ပြည့်နှစ် ရောက်တော့ လိင်တူချင်း ဆက်ဆံမှုနဲ့ ပြစ်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။

၂ဝဝ၄ ခုနှစ်ရောက်တော့ အဲဒီ ပြစ်ဒဏ်ကနေ တရားသေ လွတ်ခဲ့ပြန်ပြီး ၂ဝဝ၈ ခုနဲ့ ၂ဝ၁၃ အထွေထွေ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ပါတီကို ဦးဆောင်ခဲ့ပါတယ်။ အနိုင်မရခဲ့ပေမယ့် ထောက်ခံမှုတွေတော့ တော်တော် ရခဲ့ပါတယ်။

နောက်တနှစ်အကြာမှာ အနိုင်ရဖွယ် ရှိတဲ့ နောက်ထပ် ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေချိန်မှာပဲ ထောင်ထဲ ပြန်အပို့ ခံခဲ့ရပါတယ်။

ဒီနှစ်ဆန်းမှာတော့ မစ္စတာ အန်နဝါရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ မစ္စတာ မဟာသီယာက ရွေးကောက်ပွဲ ပြန်ဝင်မယ်လို့ ကြေညာပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တချိန်က အန်နဝါနဲ့ မဟာသီယာ

မစ္စတာ မဟာသီယာ လက်ရှိ ဝန်ကြီးချုပ် နာဂျစ် ကို ဖြုတ်ချနိုင်ဖို့ အတိုက်အခံနဲ့ ပူးပေါင်းခဲ့ရာမှာ အတိုက်အခံတွေကြားမှာ ရေပန်းစား နေခဲ့တုန်းဖြစ်တဲ့ မစ္စတာ အန်နဝါက လွတ်ငြိမ်းခွင့် ရရင် ညွန့်ပေါင်းပါတီတွေရဲ့ ခေါင်းဆောင် အဖြစ်ခွင့်ပြုမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ မစ္စတာ မဟာသီယာက အတိုက်အခံ ပါတီခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် မဟာသီယာက မစ္စတာ အန်နဝါကို ၂ နှစ် အတွင်း အာဏာလွှဲပေးမယ်လို့ ပြောပါတယ်။

တချိန်က မစ္စတာ မဟာသီယာရဲ့ မိတ်ဆွေ၊ တခါ ရန်သူဖြစ်ခဲ့ပြီးနောက် အခု မိတ်ဆွေ ဘဝ ပြန်ရောက်လာမယ့် အန်နဝါ အီဘရာဟင် အနေနဲ့ ဝန်ကြီးချုပ် ရာထူး ရယူဖို့ လွှတ်တော်တွင်း ပြန်ဝင်ရမယ့် ကိစ္စ အပါအဝင် လုပ်ဆောင်ရမယ့် အစီအစဉ်တွေ ရှိနေတဲ့ အတွက် ဘုရင်ကြီးဆီက လွတ်ငြိမ်းခွင့် အမိန့် ထွက်လာတဲ့ နေ့ကနေ နိုင်ငံ ခေါင်းဆောင် ဖြစ်လာဖို့ အထိကတော့ လနဲ့ချီပြီး အချိန်ယူရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် FAZRY ISMAIL
Image caption လန်ကာဝီကျွန်းက မြေစိုက်ပိုစတာ

ဆက်စပ် အကြောင်းအရာများ