အမေရိကန် ဥရောပ မဟာမိတ်တွေအကြား သဘောထားကွဲလွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်ဆုံးဖြတ်ချက်ကို အီရန်မှာ ဆန္ဒပြကန့်ကွက်ကြ

အီရန် နျူကလီးယားစာချုပ်ကနေ အမေရိကန်က နောက်ဆုတ် ရုပ်သိမ်းလိုက်ပြီးနောက်မှာ ဥရောပ နိုင်ငံရေးကို ကြီးကြီးမားမား ဂယက်ရိုက်လှုတ်ခတ်သွားစေခဲ့ပါတယ်။

အီရန်နဲ့ နျူကလီးယားစာချုပ်ကို အမေရိကန် ၊ ဥရောပသုံးနိုင်ငံ၊ ရုရှား၊ တရုတ်တို့နဲ့ အီရန်နိုင်ငံတို့ ချုပ်ဆိုထားတာဖြစ်ပါတယ်။

စာချုပ်အရ အီရန်ဘက်က နျူးကလီးယားလက်နက် ထုတ်လုပ်မှုကို ရပ်တန့်ရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် ဥရောပနဲ့ အမေရိကန်နိုင်ငံတို့က အီရန်အပေါ် စီးပွားရေး ပိတ်ဆို့ထားတာကို ဖွင့်လှစ်ပေးရမှာဖြစ်ပါတယ်။

အခုအမေရိကန်က စာချုပ်က ရုပ်သိမ်းနုတ်ထွက်သွားပြီးနောက် စီးပွားရေးပိတ်ဆို့မှု ပြန်စလာပါတယ်။

အီရန်မှာက ဥရောပစီးပွားရေးတွေခြေချထားမိနေပါပြီ။ အမေရိကန် စီးပွားရေးပိတ်ဆို့မယ်ဆိုရင် အဲဒီဥရောပ အကျိုးစီးပွားတွေဟာ ထိခိုက်နစ်နာရတော့မှာ ဖြစ်ပါတယ်။

လောလောဆယ်မှာကိုပဲ ဥရောပ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ အဲရ်ဘတ်စ်က အီရန်ကို လေယာဉ်အစီး ၁၀၀ ရောင်းချထားပြီး ဖြစ်ပါတယ်။

အခုစီးပွားရေးပိတ်ဆို့လိုက်တဲ့အတွက် ဘာဆက်လုပ်မလဲဆိုတာ အခက်အခဲဖြစ်လာ နေကြပါပြီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စာချုပ်ကနေ နုတ်ထွက်သွားတဲ့ အတွက် ဥရောပခေါင်းဆောင်တွေက သိပ်စိတ်ပျက်နေကြပါတယ်။ ပြင်သစ် စီးပွားရေးဝန်ကြီး ဘရူနို လမဲရ် က ဥရောကနိုင်ငံတွေ အမေရိကန်ကို မှီခိုနေရာက ရပ်ကြဖို့ အချိန်တန်ပြီလို့ ဆိုလိုက်ပါတယ်။

ဂျာမနီဝန်ကြီးချုပ် အန်ဂယ်လာမာကဲကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲပြီး တညီတညွတ်တည်း သဘောတူညီမှုနဲ့ လုပ်ခဲ့တဲ့ သဘောတူစာချုပ်ကို အခုလို တနိုင်ငံတည်း သဘောနဲ့ တဖက်သတ်ရုပ်သိမ်းလိုက်တာဟာ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ပျက်စီးသွားစေတယ်လို့ ဆိုပါတယ်။

အီရန်စာချုပ်ကိစ္စကြောင့် အမေရိကန် ဗြိတိန်က တဖက် ၊ ဂျာမနီ ပြင်သစ်က တဖက်ဖြစ်လာနေကြပြီလား။ အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အုပ်စုကြားမှာ အက်ကြောင်းထင်လာပြီလားလို့ မေးခွန်းထုတ်လာကြပါတယ်။ ဂျာမနီဝန်ကြီးချုပ် မာကဲကတော့ ဒီကိစ္စဟာ အင်မတန်လေးနက်တဲ့ ပြဿနာတခုဖြစ်ပေမယ့် အဲသလောက် အထိတော့ အခြေအနေမဆိုးသေးပါဘူးလို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ