ဘုရားကျောင်းဗုံးခွဲတိုက်ခိုက်ခံရမှု အနည်းဆုံး ၁၁ ဦးသေ

ဓာတ်ပုံ မူပိုင် EPA
Image caption မွတ်ဆလင် ၉၀ ရာခိုင်နှုန်းကျော်နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ခရစ်ယာန် ၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ရှိနေ

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာ မြို့က ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ၃ ကျောင်းမှာ အသေခံ ဗုံးခွဲ မားတွေက ဗုံးဖောက်ခွဲ ခဲ့တာကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံး ခဲ့ ပါတယ်။

မိနစ်ပိုင်းသာ ခြားပြီး ဖြစ်ပွား ခဲ့တဲ့ ပေါက်ကွဲ မှုတွေကြောင့် အနည်းဆုံး ၄၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒေသ စံတော်ချိန် မနက် ၇ နာရီခွဲလောက်မှာ Santa Maria ကတ်သလစ် ခရစ်ယာန် ဘုရား ကျောင်းမှာ ပထမဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့ သလို တိုက်ခိုက်တဲ့ သူက ဆိုင်ကယ်ကို အသုံးပြုပြီး ဗုံးခွဲခဲ့တာလို့ ဆိုပါတယ်။

ဒုတိယ တိုက်ခိုက်မှုက Pentecostal ခရစ်ယာန် ဘုရားကျောင်းအနီးက ကားတွေ ရပ်နားတဲ့ နေရာမှာ ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြ ပါတယ်။

တတိယ တိုက်ခိုက်မှုကတော့ နောက် ခရစ်ယာန် ဘုရားကျောင်းတခု ထဲကို ကလေးတွေနဲ့ ဝင်လာတဲ့ အမျိုးသမီးတဦးက အသေခံဗုံးခွဲခဲ့တာလို့ ဆိုပါတယ်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့ အကြီးအကဲ Tito Karnavian က ဒီဗုံးခွဲ တိုက်ခိုက်မှုတွေကို မိသားစုတခုတည်းက လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

ပထမ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်ခဲ့တဲ့ သူတွေကတော့ အဲဒီမိသား မိသားစု တခု ထဲက အဖေနဲ့ သား ၃ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံး တိုက်ခိုက်မှု ကတော့ ကလေး ၂ ဦးနဲ့ အတူ ဘုရားကျောင်းထဲ ဝင်လာတဲ့ ကလေးတွေရဲ့ အမေက သူကိုယ်သူ ဖောက်ခွဲ့ ခဲ့တာလို့ ရဲတပ်ဖွဲ့ အကြီး အကဲ Tito Karnavianက ပြောပါတယ်။

အင်ဒိုနီးရှားမှာရှိတဲ့ အကြမ်းဖက်မှု ကလာပ်စည်းတွေမှာ အမျိုးသမီးတွေကို ဒီနှစ်ပိုင်းတွေမှာ ပိုအသုံးပြုလာ ပေမယ့် ကလေးတွေကို အသုံးပြုတာကတော့ ဒါဟာ ပထမဆုံး အကြိမ်လို့ အင်ဒိုနီးရှား အယ်ဒီတာ Rebecca Henschkeက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုယ့်မိသားစု ပါမပါ ရှာဖွနေသူတွေကို ရဲ က ကူညီနေ

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo)က တိုက်ခိုက်တဲ့သူတွေနဲ့ ပတ်သက်ဆက်နွယ်တံ သူတွေကို စုံစမ်း ဖော်ထုတ်နေတယ်လို့ ပြောပါတယ်။

ဘာသာရေးနဲ့ နိုင်ငံရဲ့ တန်ဖိုးတွေကို ဆန့်ကျင်နေတဲ့ အကြမ်းဖက်မှုတွေ ၊ ပြုပြင်ပြောင်းလဲရေး ဝါဒတွေကို တိုက်ဖျက်ဖို့ လူ့အဖွဲ့အစည်း အားလုံးကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။

၂၀၀၅ ခုနှစ်က ဘာလီကျွန်းမှာ လူ ၂ဝနီးပါး သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တဲ့နောက်ပိုင်းမှာ ဒီတိုက်ခိုက်မှုဟာ အသေအပျောက်အများဆုံး တိုက်ခိုက်မှု တခု ဖြစ်ပါတယ်။

လူဦးရေအများဆုံး မွတ်စလင် အများစုနေထိုင်တဲ့ အင်ဒိုနီးရှားမှာ အစ္စလာမ်မစ် ဝါဒီတွေရဲ့ စစ်ရေး လှုပ်ရှားမှုတွေ ပြီးခဲ့တဲ့ လတွေက စပြီး ပြန်ဖြစ်လာခဲ့ ပါတယ်။

ဖေဖော်ဝါရီလမှာလည်း Yogyakartaမှာ ရှိတဲ့ Sleman ခရစ်ယာန်ဘုရားကျောင်းမှာ လူတဦးက ဓားနဲ့ တိုက်ခိုက်ခဲ့လို့ လူအတော်များများ ဒဏ်ရာရရှိခဲ့ ပါတယ်။

တိုက်ခိုက်တဲ့သူဟာ ဆီးရီးယားမှာ ရှိတဲ့ အိုင်အက်စ်တွေနဲ့ ပူးပေါင်းဖို့ ကြိုးစားဖူးတယ်လို့ ရဲတပ်ဖွဲ့က ကြေညာပါတယ်။

၂၀၀၂ ခုနှစ် ဘာလီ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အတော်များများက ချီးကျူးခဲ့ကြတယ်လို့ ဆိုပါ တယ်။

ဒါပေမယ့် နိုင်ငံရပ်ခြားမှာ အိုင်အက်စ်အဖွဲ့တွေ ပိုအားကောင်းလာတဲ့အချိန်မှာ အရင်က အားနည်း နေတဲ့ ဂျေဟတ် ကွန်ရက်တွေက ပိုမိုအားကောင်း လာခဲ့တာလို့ အယ်ဒီတာ Rebecca Henschkeက သုံးသပ်ပါတယ်။

မွတ်စလင်အများစုရှိတဲ့ နိုင်ငံမှာ မတူပဲ အတူယှဉ်တွဲနေထိုင်ခဲ့ကြပေမယ့် ဒီနှစ်ပိုင်းတွေမှာတော့ သဘောထားတွေပြောင်းလဲလာပြီး မတူညီမှုတွေအပေါ် သည်းခံနိုင်အားတွေ လျော့ကျလာ တယ်လို့ ဆိုပါတယ်။