ပဲရစ်မြို့လယ်က ဓားနဲ့ တိုက်ခိုက်သူဟာ ချေချင်းညာဒေသကဖြစ်

ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စလာမ်မစ် နိုင်ငံတော် အိုင်အက်စ်ကတော့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တဦးဟာ တိုက်ခိုက်မှုကိုလုပ်ခဲ့တာလို့ ထုတ်ပြန်ထား

ပဲရစ်မြို့လယ်ခေါင်မှာဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုတွေ ဖြစ်ပေါ်စေတဲ့ ဓားနဲ့ တိုက်ခိုက်မှုကို ကျူးလွန်သူလို့ သံသယရှိခြင်းခံရသူဟာ ရုရှားနိုင်ငံ ချေချင်းညှာဒေသက ဖြစ်တယ်လို့ တရားရေးဘက်က သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ သူဟာ ၁၉၉၇ ခုနစ်က ချေချင်းညှာဒေသမှာ မွေးဖွားခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ၂၉ နှစ်အရွယ် အမျိုးသား တဦး သေဆုံးခဲ့ရပြီး လူ ၄ ဦး ဒဏ်ရာရခဲ့တာပါ။

အစ္စလာမ်မစ် နိုင်ငံတော် အိုင်အက်စ်ကတော့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တဦးဟာ တိုက်ခိုက်မှုကိုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားတာပါ။

ပြင်သစ်ဟာသွေးစွန်းခဲ့ရပြန်ပါပြီ ဒါပေမဲ့ အကြမ်းသမားရန်သူတွေကို တလက်မတောင်မှ လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ပါဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က တွစ်တာလူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ပဲရစ်မြို့လယ်က အဲဒီအရပ်ဟာ ညဘက်အချိန်မှာ စည်ကားလေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ စနေညက လူတယောက်ဟာ တွေ့ရာလူတွေကို ဓားနဲ့လိုက်ထိုးသွားတာဖြစ်ပါတယ်။

လူအများဟာ တိုက်ခိုက်တဲ့ အန္တရာယ်ကလွတ်မြောက်အောင် စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေထဲ ဝင်ပြေးကြပါတယ်။

အတိုက်ခိုက်ခံရသူတယောက်သေဆုံးပြီး နောက်ထပ် ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၄ ယောက်အနက် ၂ ယောက်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။

တိုက်ခိုက်သူကို ရဲက ပထမကျင်စက်နဲ့ တို့ပြီး ဖမ်းဆီးဖို့ကြိုးစားပါတယ်။

မအောင်မြင်တဲ့အခါမှာ သေနတ်နဲ့ နှစ်ချက်ပစ်ပြီး သတ်လိုက်တယ်လို့ France24 သတင်းမီဒီယာက သတင်းထုတ်ပြန်ပါတယ်။

ရဲရဲ့ တုန့်ပြန်ဆောင်ရွက်မှုဟာ အလွန်ကောင်းတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂျဲရတ် ကိုလမ့်ဘ် ကချီးကျူးပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပြင်သစ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ အခါခါဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်ဟာ အဆင့်မြင့်တပ်လှန့်မှုတွေ လုပ်ထားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ