ဂါဇာအဓိကရုဏ်း ဖြိုခွင်းတဲ့ အစ္စရေးစစ်တပ်ကို နိုင်ငံတကာ ရှုတ်ချ

ဓာတ်ပုံ မူပိုင် EPA
Image caption လူငါးဆယ်ကျော် သေဆုံးပြီး နှစ်ထောင်ကျော် ဒဏ်ရာရခဲ့တဲ့ ဂါဇာက ဆန္ဒပြမှု

ဂါဇာဒေသမှာ အစ္စရေး တပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် အနည်းဆုံး ပါလက်စတိုင်း ၅၅ယောက် သေဆုံးခဲ့ရတဲ့ အတွက် နိုင်ငံတကာမှာ အစ္စရေးကို ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြ ပါတယ်။

အခုလို သေဆုံးရမှုကို အစုလိုက် အပြုံလိုက် အသတ်ခံရမှုလို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က ခေါ်ဆိုလိုက်ပါတယ်။

ဂါဇာက ပါလက်စတိုင်းတွေရဲ့ အကြမ်းဖက်မှု နှိမ်နင်းခံရစဉ် အတွင်း ဒဏ်ရာရသူ နှစ်ထောင်ကျော် ရှိခဲ့ပါတယ်။

ဆန္ဒပြ သမားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ အတွက် အစ္စရေးတပ်ဖွဲ့ကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ရှုတ်ချလိုက်ပြီး နှစ်ပြည်ထောင် အတူတွဲ နေထိုင်ရေးကို ဖော်ဆောင်ဖို့ သူက ထပ်မံ တိုက်တွန်း လိုက်ပါတယ်။

တူရကီ သမ္မတ ရာဂျစ် တိုင်ရစ်ပ် အယ်ဒိုဝမ်ကလည်း အစ္စရေးဟာ အကြမ်းဖက် တဲ့ နိုင်ငံ ၊ လူမျိုးတုန်းသတ်ဖြတ်မှုလုပ်နေတယ်လို့ စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် အစ္စရေး၀န်ကြီးချုပ် ဘင်ဂျာမင် နက်တန် ရာဟူးကတော့ အစ္စရေး တပ်ဖွဲ့ဟာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အ နေနဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ခဲ့တာလို့ ဂျေရုဆလင်က အမေရိကန် သံရုံး ဖွင့်ပွဲမှာ ပြောသွားခဲ့ပါတယ်။

ဂါဇာက ဆန္ဒပြမှုတွေ အကြမ်းဖက် နှိမ်နင်းခံရတာနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့စုံစမ်း စစ်ဆေးမှုတရပ် လုပ်ဆောင်ဖို့ တောင်းဆိုတဲ့ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ကို အတည်ပြုဖို့ ကြိုးစားရာမှာ အမေရိကန်က ပိတ်ပင် တားမြစ်ခဲ့ပါတယ်။

အခုလို လူအများအပြား သေဆုံးရတာဟာ ပါလက်စတိုင်းက အစ္စလစ်မစ် အဖွဲ့ ဟားမက်စ် ကြောင့်လို့ အစောပိုင်းတုန်းက သမ္မတထရမ့် အစိုးရက ပြစ်တင်ခဲ့ပါတယ်။

ဟားမတ်စ် ခေါင်းဆောင်တွေဟာ အစ္စရေးရဲ့ဆောင်ရွက်ချက်တွေကို ရည်ရွယ်ချက်ရှိရှိ ၊ အဆိုးမြင်ကာ ရန်စ ပြုမူကြတယ် ၊ အစ္စရေးဟာ သူ့တို့ကိုယ် သူတို့ ခုခံပိုင်ခွင့် ရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ Raj Shah ရက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် ထိပ်တန်း ဒီမိုကရက်တယောက်ဖြစ်တဲ့ Tim Kaine ကတော့ ဂါဇာ က အခြေအနေဟာ၀မ်းနည်းဖွယ် ကောင်းတယ်လို့ ဆိုပါတယ်။