အန်နဝါ အီဘရာဟင် အကျဉ်းထောင်က လွတ်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption အကျဉ်းထောင်က လွတ်လာတဲ့ မစ္စတာ အန်နဝါကို ထောက်ခံအားပေးသူတွေ ကြိုဆို

မလေးရှားနိုင်ငံရေးသမား အန်နဝါ အီဘရာဟင်က သူ ထောင်ကနေ လွတ်အပြီးမှာ သူ့နိုင်ငံမှာ အရုဏ်ဦး ထွန်းတောက်လာပြီလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက် ၇ဝ အရွယ် မစ္စတာ အန်နဝါကို လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ဒုတိယအကြိမ် အကျဉ်းချခဲ့တာ ဖြစ်ပြီး လိင်တူချင်း ဆက်ဆံတယ် ဆိုတဲ့ မဟုတ်မမှန် စွဲချက်တွေနဲ့ စွပ်စွဲ ထိန်းသိမ်းခဲ့တာလို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မစ္စတာ မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ ညွန့်ပေါင်း ပါတီ အနိုင်ရခဲ့အပြီး ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မစ္စတာ အန်နဝါ လွတ်လာခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption မလေးရှားဘုရင်နဲ့ အန်ဝါတို့ မောင်နှံ

မစ္စတာ အန်နဝါက မစ္စတာ မဟာသီယာနဲ့ ရန်ငြှိုးရန်စတွေကို ပြည်ဖုံးကား ချပြီး မလေးရှားနိုင်ငံ ပြုပြင်ပြောင်းလဲရာမှာ မစ္စတာ မဟာသီယာ လိုအပ်တဲ့ ကူညီမှုတွေကို သူဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စတာ မဟာသီယာက လာမယ့်နှစ်နှစ်အတွင်း သူ ရာထူးက ဆင်းပေးပြီး မစ္စတာ အန်နဝါကို ဝန်ကြီးချုပ် နေရာ လွှဲပေးမယ်လို့ ပြောပါတယ်။

မစ္စတာ အန်နဝါက ပြန်လွတ်လာပြီးနောက် ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် ရပ်တည်ပေးခဲ့ကြတဲ့ မလေးရှားပြည်သူလူထုကို ကျေးဇူးတင်ကြောင်း သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုလိုက်ပါတယ်။

အန်နဝါ အသက်ရှည်ပါစေ လို့ ထောက်ခံသူတွေက နန်းတော်ဝင်းထဲဝင်ပြီး ကြွေးကြော် အော်ဟစ်ခဲ့ပါတယ်။

''အန်နဝါဟာ ကျွန်တော့်လိုပဲ မလေးရှားရဲ့ လွတ်လပ်မှု သင်္ကေတဖြစ်တယ် '' လို့ အသက် ၅၉ နှစ် ရှိပြီဖြစ်တဲ့ အာမက် ဆမ်ဆူဒင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အန်နဝါနဲ့ မဟာသီယာ နှုတ်ဆက်

နောက်ဆုံးမှာတော့ မလေးရှားနိုင်ငံရဲ့ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ မမျှတမှုတွေဟာ အပြောင်းအလဲတခုကို ပေါ်လာနေပြီလို့ ခံစားရကြောင်း သူကဆိုပါတယ်။ ဒီကနေ့ ဟာ အန်နဝါရဲ့ လွတ်မြောက်မှုနဲ့အတူ ဒီထက် ပိုကောင်းတာတွေ ရရှိလာမယ့် သမိုင်းဝင်နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂ဝ တုန်း က မဟာသီယာ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင် စဉ်မှာ တုန်း ကလည်း သူတို့ နှစ်ဦး က နိုင်ငံရေး အရ ဆရာ တပည့် ဖြစ် ပေမယ့် အစိုးရ ရဲ့ ဘဏ္ဍာရေး အစီအစဉ် တခု နဲ့ ပတ်သက်ပြီး တော့ မကျေမလည် ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်း က အန်နဝါက ဒုတိယ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး သူ့ကို လိင်တူချင်း ဆက်ဆံ မှု နဲ့ ထောင်ချခဲ့ပါတယ်။

အခုတော့ သူ့ကိုယ် ထောင်ချ ခဲ့တဲ့ မဟာသီယာ မိုဟာမက် ကို ခွင့်လွှတ် ပြီးတော့ ရန်ညှိုး ရန်စ တွေကို မေ့ ထား လိုက်ပြီ လို့ သူက ဆိုခဲ့ပါတယ်။

ဒါ့အပြင် မဟာသီယာ အစိုးရ ကို အပြည့်အဝ ထောက်ခံမှု ပေးသွားမယ်လို့ လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AHMAD YUSNI
Image caption အိမ်အဝင်မှာ အကျဉ်းထောင် အရာရှိတွေကို နှုတ်ဆက်

တချိန် က နိုင်ငံရေး ရန်ဘက် ဖြစ်ခဲ့သူ နှစ်ဦးဟာ အခုချိန်မှာ ပေါင်းစည်း ဖို့ ဆုံးဖြတ် ခဲ့ရတာကလည်း တိုင်းပြည်မှာ ဖြစ်ပေါ် နေတဲ့ အကျင့်ပျက် ချစား မှုတွေကို တိုက်ဖျက် ဖို့ ဖြစ်တယ်လို့ သူတို့ နှစ်ဦး စလုံး က ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ရဲ့ အကျင့်ပျက် ချစားမှုတွေ ကို အရေးယူ ပေးဖို့ ဦးဆောင် တောင်းဆို ခဲ့တဲ့ ဘာဆေး 2 point O ကို ဦးဆောင် ခဲ့သူ မာရီယာ ချင် အဗ္ဗဒူလာ ကတော့ ပြည်သူ တွေရဲ့ အားနဲ့ အကျင့်ပျက် ချစား နေတဲ့ အစိုးရ ကို ဖြုတ်ချ နိုင်ခဲ့တာပါလို့ ပြောဆို ပါတယ်။

နိုင်ငံရေး ရန်ဘက် တွေ ဒီလိုမျိုး ပေါင်းစည်းမှု က တစ်ခါမှ မကြုံဘူးတဲ့ အဖြစ် မျိုး လို့ လေ့လာသူ တွေက သုံးသပ်ပါတယ်။

မစ္စတာ မဟာသီယာ လက်ရှိ ဝန်ကြီးချုပ် နာဂျစ် ကို ဖြုတ်ချနိုင်ဖို့ အတိုက်အခံနဲ့ ပူးပေါင်းခဲ့ရာမှာ အတိုက်အခံတွေကြားမှာ ရေပန်းစား နေခဲ့တုန်းဖြစ်တဲ့ မစ္စတာ အန်နဝါက လွတ်ငြိမ်းခွင့် ရရင် ညွန့်ပေါင်းပါတီတွေရဲ့ ခေါင်းဆောင် အဖြစ်ခွင့်ပြုမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ မစ္စတာ မဟာသီယာက အတိုက်အခံ ပါတီခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် ရဲ့ အကျင့်ပျက် ချစားမှု တွေကို တိုက်ဖျက်ဖို့ အသက် ၉၂ နှစ် နဲ့ အသက် ၇၀ အရွယ် တို့ရဲ့ ပေါင်းစည်း မှု ကနေ အနာဂတ် မလေးရှား နိုင်ငံ ကို ဘယ်လို ပုံဖော် မှာလည်း ဆိုတာ ကိုလည်း လူတွေ က စိတ်ဝင် တစား ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ