ဝန်ကြီးချုပ်ဟောင်းနာဂျစ်အိမ်ကို ရဲတွေရှာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗုဒ္ဓဟူးနေ့ညက နာဂျစ်ရာဇက်အိမ်အပြင်မှာ တွေ့ရတဲ့ လူအုပ်

ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီး တပတ်အကြာမှာ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ရဲ့အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ပါတယ်။

ညမှောင်တဲ့အချိန်ကစပြီး သူ့အိမ်ရှေ့မှာ ရဲကားတွေ အမြောက်အများ လှည့်ပတ်ရှာဖွေခဲ့တယ်လို့ ပြည်တွင်းအခြေစိုက်သတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။

ဝန်ကြီးချုပ်အသစ် ဖြစ်လာတဲ့ မဟာသီယာမိုဟာမက် ကတော့ သူ့ရဲ့မိတ်ဘက်ဟောင်းကို အကျင့်ပျက် ခြစားမှုနဲ့ပတ်သက်ပြီး ပြန်လည်စုံစမ်း ဖော်ထုတ်မှုတွေလုပ်ဖို့ ဆောင်ရွက်နေခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ နာဂျစ်ကတော့ ဘာတခုမှ အမှား မလုပ်ထားဘူးလို့ ငြင်းဆိုထားပေမယ့် အာဏာပိုင်က သူ့ကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က နာဂျစ် ဇနီးနဲ့အတူ နိုင်ငံခြားကို အလည်သွားဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Image caption ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားပြီးနောက် ခရီးသွားခွင့်ပိတ်ပင်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇာက်

ရဲဘက်ကတော့ နာဂျစ်ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာကို အတည်ပြုခဲ့ပေမယ့် အသေးစိတ် အချက်အလက် ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးဘူးလို့ New Straits Times သတင်းစာက ရေးသားထားပါတယ်။

ရဲတွေ၊ သတင်းထောက်တွေ၊ ပြည်သူတွေအပါဝင် ၁ဝဝ ကျော်ရှိတဲ့လူအုပ်ဟာ ဝန်ကြီးချုပ်ဟောင်းရဲ့ အိမ်အပြင်မှာ စုဝေးရောက်ရှိခဲ့တယ်လို့ ရိုက်တာ သတင်းအရသိရပါတယ်။

မစ္စတာနာဂျစ် ဘုရား ကျောင်းမှာ ဝတ်ပြုပြီး ပြန်ရောက်လာတဲ့နောက်မှာ ရဲအရာရှိတွေက အိမ်ထဲကို ဝင်ရောက်ရှာဖွေဖို့ ဝင်သွားခဲ့တာ တွေ့ရတယ်လို့ မျက်မြင်သက်သေတဦးက ရိုက်တာသတင်းဌာန ကိုပြောခဲ့ပါတယ်။

၂ဝ၁၅ တုန်းက နာဂျစ်ဟာ နိုင်ငံပိုင်ရန်ပုံငွေ ဒေါ်လာ သန်း ၇ဝဝ ကို သူ့ကိုယ်ပိုင်ဘဏ်စာရင်းထဲထည့် တယ်ဆိုပြီး စွပ်စွဲခံရပေမယ့် အဲဒီတုန်းက သူ့မှာအပြစ်မရှိဘူးလို့ အာဏာပိုင်တွေကဆုံးဖြတ်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ