ဟယ်ရီနဲ့ မက်ဂန်ရဲ့ ခေတ်သစ် မင်္ဂလာပွဲ

ဓာတ်ပုံ မူပိုင် Yui Mok
Image caption ရထားပေါ်က မင်္ဂလာမောင်မယ်

ဗြိတိသျှ ဘုရင်မကြီးရဲ့ မြေးတော် မင်းသား ဟယ်ရီနဲ့ မယ်ဂန် မာကယ် တို့ရဲ့ မင်္ဂလာပွဲကို ဝင်ဆာရဲတိုက်မှာ ရှိတဲ့ စိန့်ဂျော့ဘုရားကျောင်းမှာ မေလ ၁၉ ရက် နေ့လယ် ၁၂ နာရီမှာ စတင် ကျင်းပပါတယ်။

ဘုရား ရှိခိုးကျောင်းထဲ သတို့သမီး မက်ဂန် ဝင်လာချိန်မှာ အခန်းဝမှာ သတိုးသား ဟယ်ရီရဲ့ ဖခင် ချားလ်စ်မင်းသားကြီးက ကြိုဆိုခဲ့ပါတယ်။ ဒီအချိန်မှာ ဘုရားကျောင်းက ခေါင်းလောင်းသံတွေလည်း သံပြိုင် တီးခတ်ခဲ့ပါတယ်။

ယောက္ခမ ဖြစ်လာတော့မယ့် ချားလ်စ်မင်းသားရဲ့ လက်မောင်းကိုချိတ်ပြီး မက်ဂန် ဝင်လာချိန်မှာတော့ စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတဲ့ မင်းသား ဟယ်ရီရဲ့ မျက်နှာ အပြုံးရိပ်သန်းသွားတာကို တွေ့မြင်ရပါတယ်။ ဒီအချိန်မှာ သံစုံတီဝိုင်းကလည်း ကြည်နှုးဆွတ်ပျံ့ဖွယ် တေးသီချင်းကို တီးခတ်ခဲ့ပါတယ်။

ဟယ်ရီတို့ တော်ဝင် မင်္ဂလာပွဲ လမ်းညွှန်

ဓာတ်ပုံ မူပိုင် WPA Pool
Image caption မက်ဂန်ရဲ့ ခေါင်းခြုံပုဝါကို လှပ်

သတို့သမီး မက်ဂန်ဟာ နာမည်ကြီး ဒီဇိုင်းနာ ကလဲဝိုက်ကယ်လာ ဖန်တီးပေးထားတဲ့ အဖြူရောင် သတို့သမီးဝတ်စုံနဲ့ ခေါင်းခြုံပုဝါ အဖြူတို့ကို ဝတ်ဆင်ထားပါတယ်။

မင်းသား ဟယ်ရီကတော့ စစ်ဝတ်စုံအမည်းကို ဆင်မြန်းထားပါတယ်။ ချားလ်စ်မင်းသားက သတို့သမီး မက်ဂန်ကို မင်းသား ဟယ်ရီဆီကို ခေါ်ဆောင် လာခဲ့ပြီးတဲ့နောက်မှာ မင်းသား ဟယ်ရီက မက်ဂန်ရဲ့ ခေါင်းခြုံပုဝါကို လှပ်ပေးခဲ့ပါတယ်။

ဒီနောက်မှာတော့ ဝင်ဆာရဲ့ကျောင်းထိုင် သိက္ခာတော်ရ ဆရာတော်က မင်္ဂလာပွဲကို စတင်ကျင်းပပါတယ်။

ဆရာတော်က မက်ဂန်နဲ့ မင်းသား ဟယ်ရီတို့ကို တဦးနဲ့တဦး အပြန်အလှန် သေတပန် သက်တဆုံး ယုယကြင်နာ ချစ်ခင်သွားကြမလားလို့ မေးမြန်းပြီး အပြန် အလှန် ကတိသစ္စာ အဓိဋ္ဌာန်ပြုစေခဲ့ပါတယ်။

ရှားလက် မင်းသမီး သတို့သမီးအရံလုပ်မယ်

ဓာတ်ပုံ မူပိုင် Hannah McKay
Image caption လမ်းဘေးဝဲယာက အားပေးနှုတ်ဆက်ကြ

ဒီလိုကတိသစ္စာပြုပြီးတဲ့နောက်မှာ သိက္ခာတော်ရ ဆရာတော် မိုက်ကယ် ကာရီက ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ တရားကို ပို့ချပါတယ်။

ဒီနောက် ငါ့ရဲ့ဘေးမှာ အမြဲ ရပ်တည်ပေးပါဆိုတဲ့ သီချင်းကို သံစုံတီးဝိုင်းနဲ့ အဆိုတော်တွေက သီဆိုကြပါတယ်။

ဒီလို ဖျော်ဖြေအပြီးမှာ မင်းသား ဟယ်ရီနဲ့ သတို့သမီး မက်ဂန်တို့က လက်ထပ်ခြင်းရဲ့ အထိမ်းအမှတ်အဖြစ် လက်ထပ်လက်စွပ်ကို တဦးနဲ့တဦး အပြန်အလှန် ဝတ်ဆင် ပေးခဲ့ပြီး သိက္ခာတော်ရ ဆရာတော်က ဇနီးမောင်နှံ အဖြစ် အသိအမှတ် ပြုပေးပါ တယ်။

ဒီလို အသိအမှတ်ပြုပေးပြီးတဲ့နောက်မှာတော့ ဘုရားသခင် ကောင်းချီး ပေးပါစေ ဆိုတဲ့ သီချင်းကို တီးခတ်ခဲ့ကြပါတယ်။

ကမ္ဘာက စောင့်ကြည့်တဲ့ ဗြိတိသျှတော်ဝင်ပွဲ

ဓာတ်ပုံ မူပိုင် WPA Pool
Image caption ပုံပြင်ထဲက ချစ်သူတွေအလား

မင်္ဂလာပွဲ ကျင်းပပြီးသွားတဲ့အချိန်မှာတော့ မင်းသား ဟယ်ရီက မင်းသမီး မက်ဂန်ရဲ့ လက်ကိုတွဲပြီး ဘုရားကျောင်းထဲကနေ ထွက်ခွာလာခဲ့မှာ အပေါက်ဝမှာ ရောက်ရှိနေတဲ့ မြင်းရထားပေါ်ကို တက်ရောက်ခဲ့ ကြပါတယ်။

ဒီနောက် မြို့ထဲမှာ စောင့်ဆိုင်းနေတဲ့သူတွေကို လက်ထပ်ပြီးစ မင်းသားဟယ်ရီတို့ မောင်နှံက မြင်းရထား ပေါ်ကနေ နှုတ်ဆက်ခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မေလ ၁၉ ရက် စနေနေ့မှာ လန်ဒန်အနီးက ဝင်ဆာရဲတိုက်ကြီးမှာ မင်္ဂလာဆောင်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် ALASTAIR GRANT
Image caption ဘိုးတော်နဲ့ ဘွားတော် ဘုရင်မ

ဘုရားကျောင်းထဲမှာ လက်ထပ်မင်္ဂလာပွဲကို တက်ရောက်လာတဲ့သူတွေထဲမှာ တော်ဝင်မိသားစုတွေ အပါအဝင် အလွှာပေါင်းစုံက လူတွေ ပါဝင်နေပါတယ်။

ဒီမင်္ဂလာပွဲကို အဲလစ်ဇဘက် ဘုရင်မကြီးနဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့လည်း တက်ရောက်လာပါတယ်။

ဘုရင်မကြီးက အဝါဖျော့ဖျော့ ဝတ်စုံနဲ့ ခရမ်း ရောင်ပန်းကို ထိုးထားတဲ့ ဦးထုပ်ကို ဆောင်းထားပါတယ်။ ဒါအပြင် မင်းသား ဟယ်ရီရဲ့ နောင်တော် ဝီလျံတို့ မိသားစု၊ ချားလ်စ်မင်းသားကြီးနဲ့ သူ့ကြင်ယာတော်တို့လည်း တက်ရောက် ခဲ့ပါတယ်။

သတို့သမီးဘက်ကတော့ မက်ဂန်ရဲ့ အမေလည်း ဒီမင်္ဂလာပွဲကို တက်ရောက်လာတာကို တွေ့ရပါတယ်။

နှလုံးခွဲစိတ် ကုသခံနေရလို့ မက်ဂန်ရဲ့ ဖခင်ကတော့ ဒီပွဲမှာ သူရဲ့ သမီးက အရမ်းကို ပျော်ရွှင်ပြီး လှနေတယ်လို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မက်ဂန်ရဲ့ မွေးရပ်မြေမှာ ကျင်းပတဲ့ မင်္ဂလာပွဲ ဂုဏ်ပြုပွဲ
ဓာတ်ပုံ မူပိုင် Victoria Jones
Image caption ရထားပေါ်က နှုတ်ဆက်

တက်ရောက်လာတဲ့သူတွေအထဲမှာတော့ နာမည်ကြီး ဟောလီးဝုဒ်မင်းသား ဂျော့ကလူနီနဲ့ ဇနီး၊ အဆိုတော် ဆာအယ်လ်တန်ဂျွန်နဲ့ ခင်ပွန်း၊ အင်္ဂလန် ဘောလုံး လက်ရွေးစင်ဟောင်း ဒေးဗစ် ဘက်ဟမ်းနဲ့ ဇနီး ဗစ်တိုးရီးယား ဘက်ဟမ်းစတဲ့ နာမည်ကျော် ပုဂ္ဂိုလ်တွေကို တွေ့ရပါတယ်။

မင်္ဂလာပွဲကို အလွှာပေါင်းစုံက လူမှုရေးလှုပ်ရှားသူ ၁၂ဝဝ ကိုလည်း ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

တက်ရောက်လာတဲ့သူတွေရဲ့ ဝတ်စားဆင်ယင်ပုံကလည်း ဖက်ရှင်မျိုးစုံကို တထိုင်တည်း မြင်ရတဲ့ပွဲ လို့ပြောလို့ရပါတယ်။ တက်ရောက်လာတဲ့ အမျိုးသမီးအများစုက ဒီဇိုင်းအမျိုးမျိုးနဲ့ ဖန်တီးထားတဲ့ ဦးထုပ်တွေကို ဝတ်ဆင်ထားကြပါတယ်။

မင်္ဂလာပွဲ ကျင်းပတဲ့ စိန့်ဂျော့ ဘုရားကျောင်းဟာ ၁၄၇၅ ခုနှစ်က ဘုရင် စတုတ္ထ အက်ဒွပ် တည်ဆောက်ခဲ့တဲ့ သက်တမ်းရှည်ကြာ ဘုရားကျောင်းတခု ဖြစ်သလို ဘုရားကျောင်းရဲ့ ဗိသုကာ လက်ရာကလည်း အံ့မခန်း ထူးခြားကောင်းမွန်လှပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တော်ဝင်မင်္ဂလာပွဲအတွက် ပြင်ဆင်နေမှုများ
ဓာတ်ပုံ မူပိုင် WPA Pool
Image caption မင်္ဂလာပွဲ ကျင်းပတဲ့ စိန့်ဂျော့ ဘုရားကျောင်း

မင်းသား ဟယ်ရီနဲ့ မက်ဂန်တို့ရဲ့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဂုဏ်ယူဝမ်းမြောက်တယ်လို့ ကနေဒါ၊ ဗြိတိန် ဝန်ကြီးချုပ်တွေက လူမှုကွန်ရက် ကနေတဆင့် ဂုဏ်ပြုခဲ့ကြ ပါတယ်။

မင်္ဂလာပွဲကျင်းပရာ ဝင်ဆာမြို့အနီး ပတ်ဝန်းကျင်မှာတော့ လူပေါင်း တသိန်း လောက်ဟာ ပျော်ရွှင်နေတဲ့ မင်္ဂလာ မောင်နှံကို စောင့်ကြည့်ဖို့ ရောက်ရှိနေပါတယ်။ တချို့ဆိုရင် ဒီမင်္ဂလာပွဲကို ကိုယ်တိုင်ကိုယ်ကျ ဆင်နွှဲဖို့ ဝင်ဆာ ရဲတိုက်အပြင်ဘက်မှာ ညအိပ်ပြီး စောင့်နေတဲ့သူတွေလည်း ရှိပါတယ်။

ဒါအပြင် လန်ဒန် ဂရင်းနစ် အရပ်မှာလည်း ထောင်ချီတဲ့လူတွေက ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့် ပေးနေတဲ့ မင်္ဂလာပွဲအခမ်းအနားကို စောင့်ကြည့်ခဲ့ကြပါတယ်။

ဒီမင်္ဂလာပွဲကို ကမ္ဘာတဝန်းက လူပေါင်း သန်းနဲ့ချီ စောင့်ကြည့်နေသလို မြန်မာ မီဒီယာ တချို့ရဲ့ Facebook စာမျက်နှာမှာလည်း တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်ခဲ့တာကြောင့် လူအများ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ တော်ဝင် မင်္ဂလာပွဲတခု ဖြစ်ပါတယ်။

လူမည်းကပြားနဲ့ ပထမဆုံးဆောင်တဲ့ ဗြိတိသျှ တော်ဝင်

ဓာတ်ပုံ မူပိုင် STEPHEN CHUNG / POOL
Image caption ညအိပ်စောင့် အားပေးကြသူတွေ

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ