လက်ရှိ သမ္မတ အနိုင်ရမယ်လို့ မှန်းဆထားတဲ့ ဗင်နီဇွဲလား ရွေးကောက်ပွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်အနိုင်ရမယ်လို့ ယူဆထားတဲ့ လက်ရှိ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မဒူရို

မူလက ဒီဇင်ဘာလမှာ ကျင်းပမဲ့ ဗင်နီဇွဲလား ရွေးကောက်ပွဲကို မေလ၂၀ရက်မှာ ကျင်းပရာမှာ မဲပေးသူ လျော့နည်းသလို ပြိုင်ဘက် အတိုက်အခံ အနေနဲ့ လည်း တဉီးပဲ ယှဉ်ပြိုင်တဲ့ အတွက် လက်ရှိသမ္မတ နီကိုလပ်စ် မဒူးရိုး ပဲ နောက်ထပ် ခြောက်နှစ် သက်တမ်း အတွက် နိုင်ခြေရှိနေပါပြီ။

အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်ပိုင်း အများစု ဟာလည်း ထောင်ကျသူကျ၊ ပြည်ပြေးဘဝ ရောက်သူရောက် နေကြလို့ ရွေးကောက်ပွဲ ကို သပိတ်မှောက်သူမှောက် ဖြစ်နေတဲ့ အတွက် မစ္စတာ မဒူးရိုးက အနိုင်နဲ့ ပိုင်းတဲ့ အနေနဲ့ ရွေးကောက်ပွဲ ကို စောပြီး ကျင်းပလိုက်တာ ဖြစ်ပါတယ်။

အတိုက်အခံ အုပ်စုတွေ ဖိနှိပ်မှု မျိုးစုံ ကြုံနေရပေမဲ့ ပြည်သူတွေ အတွက် ဆက်လက်တိုက်ပွဲ ဝင်သွားမယ် လို့ အတိုက်အခံ ခေါင်းဆောင် ဖြစ်တဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဟင်န်ရီ ဖာလ်ကွန်း ကပြောပါတယ်။

ဒီအချိန်ဟာ လက်ပိုက်ကြည့်နေရမဲ့ အချိန် မဟုတ်ပါဘဲ နိုင်ငံတွင်းမှာ အငတ်ဘေး၊ ဆင်းရဲဒဏ်၊ နိုင်ငံရေး ဖိနှိပ်မှု တွေ ကို ခါးစီး ခံနေရတာကြောင့် နိုင်ငံရဲ့ လူဉီးရေ ခန့်မှန်းခြေ ၈၂ ရာခိုင်နှုန်းဟာ မရှိ ဆင်းရဲသားတွေ ဖြစ်ကြတဲ့အတွက် သူတို့ကို ရပ်တည်ပေးရင်း အားပေးရမဲ့ အချိန် ဖြစ်လို့ နိုင်နိုင်ရှုံးရှုံး ဝင်ပြိုင်တာပါ လို့ ဟင်န်ရီ ဖာလ်ကွန်း ကပြောပါတယ်။

ဒါ့အပြင် မဲရုံ အနီး မှာလည်း အစိုးရ က ချို့တဲ့သူတွေကို ပေးထားတဲ့ စားနပ်ရိက္ခာ နဲ့ သုံးငွေ အနည်းငယ် ထုတ်ယူ ခံစားခွင့် ကတ်ပြား ကို အရာရှိတွေ က စကင်ရိုက် မှတ်တမ်းယူထားပြီး ခြိမ်းခြောက်တဲ့ အသွင် ဆောင်နေကြောင်းလည်း သိရပါတယ်။

ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဗလာဒီမီယာ လိုပက်ဇ် ကတော့ အခုရွေးကောက်ပွဲ ဟာ ဖွဲ့စည်းပုံ ဥပဒေအရ ကျင်းပတဲ့ လွတ်လပ် တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ် ဟာလည်း အငြင်းပွားမှု တွေ ကြားကနေ ပြည်သူ့ ဆန္ဒ ထင်ဟပ်စေမှာပါ လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတထရမ့် အစိုးရ ကရော ဥရောပ သမဂ္ဂ ကပါ မစ္စတာမဒူးရိုး အနိုင်ရစေမဲ့ ဒီရွေးကောက်ပွဲ ကို အသိအမှတ် မပြုတဲ့ အပြင် ဒဏ်ခတ် ပိတ်ဆို့မှု ပြုမယ် လို့ ဆိုနေပါပြီ။

အိမ်နီးချင်း လက်တင် အမေရိက နိုင်ငံတွေ ကလည်း အလားတူ သဘောထား ရှိနေကြပါတယ်။

ဒါကြောင့်မို့ မစ္စတာမဒူးရိုး အနိုင်ရတဲ့ တိုင်အောင် အနှစ်မပါတဲ့ ဗလာ သက်သက် အောင်ပွဲ လို့ သုံးသပ်သူတွေက ဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ