ကန်ရဲ့ ပိတ်ဆို့ အရေးယူမယ့် ခြေလှမ်းကို အီရန်ရှုတ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က သမိုင်းတွင်ရစ်စေမဲ့ အရေးယူ ဒဏ်ခတ်မှု ကို အီရန် အပေါ် ချမှတ် နိုင်ရေး အတွက် ငွေကြေးဆိုင်ရာ ဖိအားတွေ ပေးမဲ့ အကြောင်း၊ အဲဒီအတွက် မဟာမိတ် ညွန့်ပေါင်းအဖွဲ့ နိုင်ငံတွေ အနေနဲ့ လည်း ဝိုင်းဝန်း ထောက်ခံအားပေး ကြဖို့ နှိုးဆော် လိုက်ပါတယ်။

အီရန် နဲ့ နောက်ထပ် အသစ် သဘောတူညီချက် ကမ်းလှမ်းရေးအတွက် လည်း လိုက်နာရမဲ့ ပြင်းထန်တဲ့ မူ ၁၂ ချက် ပင် ချမှတ်ပြလိုက်ပါတယ်။

အဆိုပါ အချက်တွေ ထဲမှာ ဆီးရီးယား မှ အီရန်တပ်တွေ ရုပ်သိမ်းပေးရေး၊ ယီမင် သူပုန်တွေ ကို အားပေးနေမှု ရပ်ဆိုင်းရေး စတာတွေ ပါဝင်ပါတယ်။

ဒီအချက်တွေ ပြည့်မီခဲ့ရင် အမေရိကန် ဘက်ကလည်း အီရန် နဲ့ သံတမန် ဆက်ဆံရေး၊ စီးပွား ကုန်သွယ်မှု စတာတွေ ကို အရင်အတိုင်း ပြန်လည် တည်ဆောက်ဖို့ ရှိတဲ့ အပြင် အီရန် ကို အဆင့်မြင့် နည်းပညာတွေ ပိုင်ဆိုင်ခွင့် ပေးဖို့လည်း အသင့်ပါ လို့ အမေရိကန် ဘက် က လိုက်လျောမဲ့ အချက်တွေ ကို မစ္စတာ ပေါ့မ်ပီယို က ပြောပြခဲ့ပါတယ်။

အီရန် သမ္မတ ဟာဆန်ရိုဟာနီ ကတော့ မစ္စတာ ပေါ့မ်ပီယို အနေနဲ့ အီရန် အတွက် ဆုံးဖြတ်ပိုင်ခွင့် တစုံတရာ မရှိဘူး လို့ တုံ့ပြန် လိုက်ပါတယ်။

အခုလို အမေရိကန် ဘက်က ကမ်းလှမ်းချက် တမျိုးတဖုံ ထွက်လာတာကို ကြည့်ရင် သူတို့ မှာ အစီအစဉ် Plan B အသင့်ရှိပြီးသား ဖြစ်ကြောင်း ဝေဖန်သူ တချို့က သုံးသပ်ပါတယ်။

ကမ်းလှမ်းတဲ့ အချက်တွေ က လည်း ပကတိ အခြေအနေ နဲ့ ကင်းကွာနေတယ် လို့ ဝေဖန်မှု တွေ ရှိနေတဲ့ အပြင် သမ္မတ ထရမ့်ကသာ မူလ သဘောတူညီချက် ကို စွန့်ခွာလိုက်ပေမဲ့ ကျန်တဲ့ ဥရောပ မဟာမိတ်တွေ နဲ့ ရုရှ၊ တရုတ် နဲ့ အိန္ဒိယ တို့က အမေရိကန် ရဲ့ ဖိအားပေးမှု ကို ခေါင်းငုံ့မခံဘဲ ရှိနေတာ ဖြစ်ပါတယ်။