အစ္စရေး စစ်ရာဇဝတ်မှုတွေ စုံစမ်းဖို့ ပါလက်စတိုင်း တောင်းဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption သည်ဟေ့ဂ်မြို့ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး

အစ္စရေး နိုင်ငံက ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အရှိန်တိုးမြှင့် စုံစမ်းပေးပါ ဆိုပြီး နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC ကို ပါလက်စတိုင်း အာဏာပိုင်တွေက တောင်းဆို လိုက်ပါတယ်။

အစ္စရေးတွေ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း နယ်မြေတွေမှာ ကျူးလွန်တဲ့ အစ္စရေးအစိုးရရဲ့ အပြုအမူတွေဟာ စစ်ရာဇဝတ်မှုထိ မြောက်တယ် ဆိုပြီး ပါလက်စတိုင်းတို့က ပြောဆို နေသလို ICC အနေနဲ့လည်း အစ္စရေး အသိမ်းပိုက်ခံနယ်တွေရဲ့ အခြေအနေကို စုံစမ်း နေတာ ၃ နှစ် ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။

ဂါဇာအဓိကရုဏ်း ဖြိုခွင်းတဲ့ အစ္စရေးစစ်တပ်ကို နိုင်ငံတကာ ရှုတ်ချ

အစ္စရေးရဲ့ ကျူးလွန်မှုလို့ ဆိုတဲ့ နေရာမှာ မတရား မြေသိမ်းမှုနဲ့ အစ္စရေး အခြေစိုက် အိမ်ရာတွေ တည်ဆောက်တဲ့ လုပ်ရပ်တွေ အပါအဝင် လက်နက်ကိုင်ဆောင် မထားတဲ့ ဆန္ဒပြသမားတွေကို အကြမ်းဖက် ဖြိုခွင်းတဲ့ ကိစ္စတွေ ဆိုပြီး ပါလက်စတိုင်းဘက်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပါလက်စတိုင်းနဲ့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကြား အကြမ်းဖက်မှု

အခု နောက်ဆုံး တိုက်တွန်းတဲ့ အထဲမှာလည်း ICC အနေနဲ့ အစ္စရေးရဲ့ မြေချဲ့ထွင်မှု အပေါ်မှာရော အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှု အပေါ်မှာပါ စုံစမ်းဖို့ လိုတယ်လို့ ပါလက်စတိုင်းက ဆော်ဩလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MOHAMMED ABED
Image caption ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ဒဏ်ရာရ သေဆုံးကြ

အစ္စရေးနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ဂျေရုဆလင်မြို့မှာ ပြောင်းရွှေ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဂါဇာဒေသမှာ အုံကြွ ဆန္ဒပြလာတဲ့ ပါလက်စတိုင်းတွေကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ် ဖြိုခွင်း ခဲ့တာမှာ လူ အယောက် ၅ဝ ကျော် သေဆုံး ခဲ့ရတဲ့နောက် အစ္စရေးအပေါ် ICC ရဲ့ စုံစမ်းမှုတွေကို အရှိန်တိုး လုပ်ဆောင်ပါ ဆိုပြီး ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောလာတာ ဖြစ်ပါတယ်။

၅၈ ဦးသေပြီးနောက် ဂါဇာမှာ ဆက်တင်းမာနေ

အခုလို ICC ကိုလာပြီး တရားဝင် တောင်းဆိုဖို့ ဆုံးဖြတ်ခဲ့ရတာဟာ ပါလက်စတိုင်း ပြည်သူတွေ အပေါ် ကျူးလွန်မှုတွေဟာ အကြိမ်ရေပိုပြီး များလာသလို ပိုပြီးပြင်းထန် ကြမ်းတမ်းလာလို့ ဖြစ်တယ်။ အထူးသဖြင့် ဂါဇာကမ်းမြောင်မှာ ဆိုရင် လက်နက်ကိုင် မထားမှန်း သိလျက်နဲ့ ဆန္ဒပြသူတွေကို အသေအချာကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ICC ရှိတဲ့ သည်ဟေ့ဂ်မြို့မှာ ရောက်နေတဲ့ ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာလီကီက ပြောသွားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂါဇာမှာ ကလေးတဦးအပါအဝင် ဆန္ဒပြ ပါလက်စတိုင်း ၄၁ ဦးသေဆုံး
ဓာတ်ပုံ မူပိုင် LEX VAN LIESHOUT
Image caption ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီး မာလီကီ

အစ္စရေးဟာ သူတို့ကျုးလွန်ခဲ့သမျှ အတွက် ပြန်ပြီး တာဝန်ယူရမယ်လို့ မစ္စတာ မာလီကီ က ဆက်ပြီး ပြောပါတယ်။

အစ္စရေး အာဏာပိုင်တွေ၊ အစ္စရေး နိုင်ငံသားတွေ ဘာမှ တာဝန်ယူမှု မရှိ၊ ပြစ်ဒဏ်ကနေ ကင်းလွတ်နေပြီး မျိုးဆက်နဲ့ချီ ကျူးလွန် နေတာကို ပါလက်စတိုင်းတွေ ခံစားနေရတဲ့ အတွက် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ပြောသွားတာပါ။

ဂါဇာ-အစ္စရေးနယ်စပ် ဆန္ဒပြမှုမှာ ပါလက်စတိုင်းတွေ သေဆုံး ဒဏ်ရာရ

ICC ကို တင်သွင်းခဲ့တဲ့ တိုင်စာထဲမှာလည်း ဘယ်သူဘယ်ဝါတွေမှာ အဓိက တာဝန်ရှိတယ် ဆိုတာကို ဖော်ပြထားပြီး သူတို့ကို ထိုက်သင့်သလို အရေးယူနိုင်ဖို့ မကြန့်ကြာသင့်ဘူး ဆိုပြီးတော့လည်း မစ္စတာ မာလီကီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOHAMMED SABER
Image caption အမျိုးသမီးတွေ၊ ကလေးတွေကို အသုံးချနေတယ်စွပ်စွဲ

ပါလက်စတိုင်းဘက်က စွပ်စွဲမှုတွေဟာ ယုံကြည်ကိုးစားဖွယ်ရာ မရှိဘဲ ဥပဒေကြောင်းအရလည်း အကျုံးမဝင်ဘူးလို့ အစ္စရေးဘက်က တုံ့ပြန်ပါတယ်။

အစ္စရေး နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပါလက်စတိုင်းတွေဟာ အမျိုးသမီးတွေ၊ ကလေးတွေကိုပါ အသုံးချပြီး အကြမ်းဖက်မှု ကျူးလွန်ကြဖို့ လှုံ့ဆော်နေတယ်လို့လည်း တန်ပြန် စွပ်စွဲ ထားပါတယ်။

ဒါ့အပြင် အစ္စရေး အဓိက ကာကွယ် နေတဲ့ အချက်ကတော့ အစ္စရေးဟာ ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်တဲ့ အပြင် ပါလက်စတိုင်းဟာလည်း သီးခြား တိုင်းနိုင်ငံမဟုတ်တဲ့ အတွက် အစ္စရေး-ပါလက်စတိုင်း အရေး ကိစ္စမှာ ICC အနေနဲ့ စွက်ဖက်ပိုင်ခွင့်၊ စုံစမ်းပိုင်ခွင့် မရှိဘူးလို့ ပြောဆို နေပါတယ် ။