ဆန်တာဖေးပစ်ခတ်မှု ကျောင်းသူ ဈာပန ပါကစ္စတန်မှာ ရာချီတက်ရောက်

ဓာတ်ပုံ မူပိုင် AFP
Image caption သူ့ခေါင်းကို ပါကစ္စတန်အလံလွှမ်းပြီး ချခဲ့

ပြီးခဲ့တဲ့အပတ်က တက္ကဆက်ပြည်နယ်က ကျောင်းတခုမှာဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပါကစ္စတန်ကျောင်းသူတဦးရဲ့ ဈာပနကို သူနေထိုင်ရာ ပါကစ္စတန်က ကရာချိမှာ ပြုလုပ်ခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် ဆာဗီကာရှိတ် ဟာ ဆန်တာဖေး ပစ်ခတ်မှုမှာသေဆုံးခဲ့တဲ့ ကျောင်းသား ၈ ဦးနဲ့ ဆရာ ၂ ဦးထဲမှာ ပါဝင်ပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပါကစ္စတန်ကို ပြန်လည်သယ်ဆောင်ခဲ့တာပါ။ သူ့ဈာပနကိုတက်ရောက်ခဲ့တဲ့ လူရာချီထဲမှာ ဝါရင့် နိုင်ငံရေးသမားတွေလည်း ပါဝင်ပါတယ်။

ပစ်ခတ်မှုကို ကျူးလွန်ခဲ့တယ် ဆိုတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသား ဟာလည်း သေဒဏ်ကျခံ ရနိုင်ဖွယ်ရှိပါတယ်။

ဓာတ်ပုံ မူပိုင် SABIKA SHEIKH FAMILY
Image caption ဆာဗီကာရှိတ်

ဆာဗီကာ ဟာ အမေရိကန်အစိုးရနဲ့ အစ္စလာမ် တိုင်းပြည်တွေအကြား နားလည်မှု တိုးတက်ရေးအစီအစဉ် ရဲ့ နောက်ဆုံးနှစ်အနေနဲ့ တက္ကဆက်မှာ ပညာလာသင်ခဲ့တာဖြစ်ပါတယ်။

သူ့သမီးရဲ့ သေဆုံးမှုဟာ အမေရိကန်ရဲ့ သေနတ်ကိုင်ဆောင်ခွင့်ကို ပြန်လည်ပြင်ဆင်ဖို့ အထောက်အကူတခုဖြစ်စေချင်တယ်လို့ ဆာဗီကာရဲ့ ဖခင်က ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာ သေနတ်သမားက အနုပညာခန်းကို အရင်ဝင်လာပြီး ပစ်ခတ်ခဲ့တာပါ။ ကျောင်းသားတဦးက မီးအချက်ပေးခေါင်းလောင်းကို အမြန် ဆွဲနိုင်ခဲ့တဲ့အတွက် ကျောင်းသားတွေ ထွက်ပြေးနိုင်ခဲ့တာလို့ ပြောဆိုကြပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့အချိန်က ကျောင်းသား ၁၄ဝဝ ကျော် ရှိနေခဲ့တာပါ။

နောက်ပိုင်းရရှိခဲ့တဲ့သတင်းတွေအရ သံသယရှိသူရဲ့ ကိုယ်ရေးမှတ်တမ်းနဲ့ သူ့ရဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းကနေ သူဟာဒီပစ်ခတ်မှုကို ကြိုတင်ကြံစည်ခဲ့တာဖြစ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ပါ ရည်ရွယ်ခဲ့တာကို ရဲက တွေ့ရှိခဲ့ပါတယ်။

အမေရိကန်မှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပစ်ခတ်ခံရမှုကြောင့် လူ ၅ဝဝဝ အထက်သေဆုံးခဲ့ရတယ်လို့ သေနတ်ပစ်ခတ်မှုတွေကို စောင့်ကြည့်နေတဲ့အဖွဲ့တခုရဲ့ စစ်တမ်းအရသိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ