အာဆင်နယ် ကို အူနိုင်း အမ်မရီ ဘယ်လို ပုံဖော်မလဲ

ဓာတ်ပုံ မူပိုင် EPA
Image caption အူနိုင်း အမ်မရီ က အာဆင်နယ် အသင်း ရဲ့ ၂၇ ယောက်မြောက် နည်းပြ ဖြစ်လာ

အာဆင်နယ် အသင်း ရဲ့ သက်တမ်းရှည် နည်းပြကြီး အာဆင် ဗင်းဂါး အသင်း က ထွက်ခွာ သွားခဲ့ပြီးနောက်၊ အသက် ၄၆ နှစ် အရွယ် အူနိုင်း အမ်မရီ ကို နည်းပြ သစ် အဖြစ် ဒီကနေ့မှာ အတည်ပြု ခန့်အပ် လိုက်ပါပြီ။

ပြင်သစ် နာမည်ကျော် ကလပ် ပါရီ စိန့် ဂျာမိန်း PSG အသင်း နဲ့ လောလော လတ်လတ် လမ်းခွဲ ခဲ့သူ လည်း ဖြစ်၊ ငယ်ရွယ်တဲ့ ပြီး သူနည်း ပြ ခဲ့ဖူးတဲ့ အသင်း ဟောင်း တွေ ကို အောင်မြင်မှု ရရှိအောင် စွမ်းဆောင် ပေး နိုင် ခဲ့သူပါ။

ဒီကနေ့မှာ အာဆင်နယ် အသင်း က အတည်ပြု ခန့် အပ် လိုက်တဲ့ အူနိုင်း အမ်မရီ က အသင်း ရဲ့ ၂၇ ယောက်မြောက် နည်းပြ ဖြစ်လာခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၂ နှစ်ကျော်ကြာ အာဆင်နယ် ကို ကိုင်တွယ် ခဲ့သူ ဗင်းဂါး နေရာမှာ အစားထိုး ခန့်အပ် ခံရ

သူရဲ့ အသက်က ၄၆ နှစ် ရှိပြီး ငယ်ရွယ်တဲ့ နည်းပြ တစ်ဦးလို့ ပြောရမှာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းမှာ ၂၂ နှစ် ကြာ နည်းပြ ခဲ့တဲ့ အာဆင် ဗင်းဂါး ရဲ့ နေရာမှာ အစားထိုး ဖို့ ခန့်အပ် ခံခဲ့ရတာပါ။

အူနိုင်း အမ်မရီ က ဗလင်စီယာ အသင်းမှာလည်း နည်းပြ အဖြစ် တာဝန် ထမ်း ဆောင် ခဲ့ဖူးပါတယ်။ ဗလင်စီယာ နဲ့ ထူးထူးခြားခြား အောင်မြင်မှု မရ ရှိခဲ့ ပေမယ့် စပိန် လာလီဂါမှာ ထိပ်ဆုံး လေး သင်း အဆင့် ကိုတော့ ဝင်ရောက် အောင် စွမ်းဆောင် ပေး နိုင်ခဲ့သူပါ။

အဲဒီနောက်တော့ စပိန် ကလပ် ဆီဗီယာ အသင်း ကို ပြောင်းရွှေ့ နည်းပြ ခဲ့ပြီး ယူရိုပါလိဂ် ဖလား သုံးကြိမ် ရရှိအောင် စွမ်းအောင် ပေး နိုင်ခဲ့ ပါတယ်။

အာဆင်နယ် က အူနိုင်း အမ်မရီ ကို နည်းပြ အဖြစ် အတည်ပြု ခန့်အပ် ခဲ့တာနဲ့ ပတ်သက်လို့ သူဟာ ပြိုင်ပွဲ အတွေ့အကြုံများပြီး အသေးစိတ် အချက်အလက် လေးတွေကို အင်မတန်မှ ဂရုစိုက်တဲ့ လူ တစ်ယောက်၊ ပြီးတော့ ပွဲ တစ်ပွဲ ကန်ပြီးရင်လည်း ဗီဒီ ယိုတွေ ကို ပြန်ကြည့် ပြီး ဘယ်နေမှာ ဘယ်လို မှားသွား တယ် ဆိုတာ ကို ထောက်ပြ ပြီး ကစား သမား တွေကို လေ့ကျင့် ခိုင်းသူ တစ်ယောက် ပါလို့ ဘီဘီစီ အားကစား သတင်းထောက် အဲလက်စ် ကပ်စတစ် က ပြောပါတယ်။

ပါရီ စိန့် ဂျာမိန်း အသင်း နဲ့ အခု ရာသီ အကုန် မှာ စာချုပ် သက်တမ်း ပြည့်လို့ လမ်းခွဲ ခဲ့တဲ့ အူနိုင်း အမ်မရီ ဟာ ပြင်သစ် ပြည်တွင်း ဆု ဖလား လေးခု ကို ဆွတ်ခူး ရရှိအောင် နည်းပြ ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

သူက ဆီဗီယာနဲ့ ပါရီ စိန့် ဂျာမိန်း အသင်း တို့ ကို အောင်မြင်မှု ရရှိအောင် စွမ်း ဆောင် ပေး နိုင်ခဲ့သူ ဖြစ်ပေမယ့် အာဆင်နယ် အသင်း ကို ရောက် လာတဲ့ အခါမှာ တော့ ပရိသတ် တွေက မျှော်လင့်ချက် ကြီးကြီးမား မား ရှိနေတဲ့ အတွက် သူ့ ဆီမှာလည်း ဖိအား တွေ ရှိနေ ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption PSG အသင်းကို ပြည်တွင်း ဆု ဖား ၄ ခု ရအောင် နည်းပြပေးခဲ့ပြီး အသင်းနဲ့ လမ်းခွဲ

အာဆင်နယ် အသင်း အနေနဲ့ သူတို့ရဲ့ ကစားသမား ဟောင်းလည်း ဖြစ်ဖူးသူ၊ မန်စီးတီး အသင်းရဲ့ လက်ရှိ နည်းပြ အဖွဲ့ဝင် လည်း ဖြစ်တဲ့ မီခဲ အာတီတာ ကို နည်းပြ အဖြစ် ခန့်အပ် နိုင်တယ် ဆိုပြီးတော့ လူတွေက ထင်ကြေး ပေးခဲ့ကြ တာပါ။

ဒါပေမယ့် နောက်ဆုံးမှာတော့ အာတီတာ ထက် ပိုပြီး အတွေ့အကြုံ များတဲ့ အူနိုင်း အမ်မရီ ကို ခန့်အပ် လိုက်တာပဲ ဖြစ်ပါတယ်။

အာစင် ဗင်းဂါး အာဆင်နယ် ကို စရောက်တဲ့ အချိန်တုန်း ကလည်း သူက ဘယ်သူလဲ ဆိုပြီး ပရိသတ်တွေက မေးခဲ့ကြသလို၊ အခု အူနိုင်း ဟာလည်း ထိုနည်း တူပါပဲ၊ သူတို့ နှစ်ယောက် ရဲ့ ကလပ် အသင်းနဲ့ ပေါင်းစည်း ခဲ့ပုံ ခြင်း က အနည်းငယ် တူညီ နေတယ်လို့ လည်း လေ့လာသူတွေက ပြောကြပါတယ်။

အူနိုင် အမ်မရီ ဟာ အာဆင် ဗင်းဂါး ရဲ့ နောက်မှာ အာဆင်နယ် အသင်း ကို နည်းပြတဲ့ ဒုတိယ မြောက် နိုင်ငံ ခြားသား နည်းပြလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ် ကစားပုံ ကို အားသန် တဲ့ နည်းပြ တစ်ယောက် ပါ။ လက်ရှိ အာဆင်နယ် မှာ ရှိနေတဲ့ ကစား သမား တွေ နဲ့ သူ့ရဲ့ နည်းဗျူဟာ နဲ့ က အံဝင် ခွင်ကျ ဖြစ်နိုင် မယ်ဆိုတဲ့ ခန့်မှန်း ပြောဆို မှုတွေလည်း ရှိပါတယ်။

ဒါ့ အပြင် နာမည်ကျော် နည်းပြ တွေ ဖြစ်တဲ့ ဂျိုဇေ မော်ရင်ညို၊ ယာဂန် ကလော့၊ ပတ် ဂွာဒီလိုလာ တို့ ရှိနေတဲ့ အင်္ဂလိပ် ပရီးမီးယား လိဂ်မှာ အာဆင်နယ် အသင်း တကျော့ ပြန် အောင်မြင်မှု တွေ ရရှိအောင် စွမ်းဆောင် နိုင်ပါ့မလား ဆိုတဲ့ သံသယ တွေ လည်း ရှိနေ ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ