ပူးတွဲစစ်ရေးလေ့ကျင့်ခန်းထဲ တရုတ်ကို အမေရိကန် ပါခွင့်မပေး

Image caption တောင်တရုတ်ပင်လယ်အနီး နေရာချ ထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော

ပစိဖိတ် သမုဒ္ဒရာမှာ လာမယ့် ဇွန်လကျရင် ပြုလုပ်မယ့် နိုင်ငံတကာ ပူးတွဲ စစ်ရေး လေ့ကျင့်မှု အစီအစဉ်ထဲ တရုတ်နိုင်ငံလည်း ပါဝင်ဖို့ အမေရိကန်က ဖိတ်ကြား ထားခဲ့ရာကနေ အခုဆိုရင် အမေရိကန်ဘက်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

အမေရိကန်က ပေးတဲ့ အကြောင်းပြချက်ကတော့ တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေကြား တောင်တရုတ်ပင်လယ်ပြင်ထဲ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာမှာ တရုတ်ဘက်က စစ်ရေးအင်အား ဆက်လက် တည်ဆောက်နေတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ အပြုအမူဟာ အဲဒီ ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေပြီး၊ ရှေ့လထဲ ရှိနေတဲ့ နိုင်ငံပေါင်း ၂ဝ ကျော် ပူးတွဲပြုလုပ်မယ့် ရေတပ် ဆိုင်ရာ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင် နေတယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်ရဲ့ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး ခရစ်လိုဂင်က ဆိုပါတယ်။

ဒီလို အခြေအနေတွေ ပေါ်ပေါက်လာချိန်မှာ တရုတ် နိုင်ငံခြားရေး ဝမ်ယိကိုယ်တိုင် အမေရိကန်မှာ ရောက်ရှိ နေချိန် ဖြစ်ပါတယ်။

Image caption အမေရိကန်ရောက် ဝမ်ယိ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပေအိုနဲ့ အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာဝမ်က ပင်တာဂွန်ရဲ့ ပြောဆိုချက်ကို ပယ်ချ သွားပါတယ်။

"တရုတ်တည်ဆောက်နေတာ အရပ်ဘက်သုံး အဆောက်အဦတွေ ဖြစ်ပြီး၊ တရုတ်ပိုင်ဆိုင်တဲ့ ကျွန်းတွေပေါ်မှာလည်း ကာကွယ်ရေး အတွက် လိုအပ်တဲ့ အရာတွေ ဆောက်လုပ်နေတာ ဖြစ်တယ်။ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတိုင်း ကိုယ့်တိုင်းပြည်ကို ကိုယ်ကာကွယ်ခွင့် ရှိတယ် ဆိုပြီး မစ္စတာဝမ်က ဆိုပါတယ်။

ဗိုလ်မှူးကြီး လိုဂင်ရဲ့ အဆိုအရတော့ တောင်တရုတ်ပင်လယ်ပြင် စပရက်တလီ ကျွန်းစုပေါ် သင်္ဘောဖျက် ဒုံးကျည်တွေ၊ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ လျှပ်စစ် ဆက်သွယ်ရေး စံနစ်ကို ကြားဖြတ် နှောင့်ယှက်နိုင်တဲ့ ပစ္စည်းတွေ တရုတ်အစိုးရက နေရာ ချနေတယ်လို့ ဆိုပါတယ်။

Image caption တရုတ်တည်ဆောက်နေတဲ့ အဆောက်အတွေ

ဒီအချိန်မှာပဲ၊ အမေရိကန် နိုင်ငံခြားရေး ဌာနက တရုတ်နိုင်ငံထဲ ရှိနေတဲ့ သူတို့ရဲ့ ဝန်ထမ်းတွေကို ပုံမှန်မဟုတ်တဲ့ အသံတွေကြားရ မြင်ရတာမျိုး ကြုံလာရင် သတိထားကြဖို့ သတိပေးချက် ထုတ်ထားပါတယ်။

အမေရိကန် သံဝန်ထမ်း တစ်ယောက်ဟာ အမျိုးအမည်မသိ အသံဖိအားတစ်ခု ဒဏ် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အသံလှိုင်းကို လက်နက်သဖွယ် အသုံးပြုတဲ့ တိုက်ခိုက်တာ ခံခဲ့ရတာလား ဆိုပြီး အမေရိကန်က စိုးရိမ်မကင်း ဖြစ်နေတာပါ။

အလားတူ ဖြစ်ရပ်မျိုး ကျူးဘားမှာ ရှိတဲ့ အမေရိကန် သံရုံးမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ပေါ်ပေါက် ခဲ့ဖူးပြီး၊ အဲဒီတုန်းက သွင်ပြင် လက္ခဏာတွေနဲ့ အခု တူညီနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပွန်ပေအိုက ဆိုပါတယ်။

Image caption တရုတ်နိုင်ငံထဲက အမေရိကန် သံဝန်ထမ်းတွေ သတိထားဖို့ နှိုးဆော်နေ

ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ တရုတ် အစိုးရ ရှိနေတယ်လို့တော့ အမေရိကန်က မစွပ်စွဲသေးပါဘူး။

တရုတ်အစိုးရကိုယ်တိုင် အမေရိကန်နဲ့ ပူးပေါင်းပြီး အဖြစ်အပျက် အပေါ် စုံစမ်း နေတယ်လို့ ဝန်ကြီး ပွန်ပေအိုက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ်၊ အမေရိကန်၊ ထိုင်ဝမ် သုံးပွင့်ဆိုင်လွန်ပွဲ

ဆက်စပ် အကြောင်းအရာများ