စင်္ကာပူ အကြို ညှိနှိုင်းပွဲ မြောက်ကိုရီးယားလာဖို့ ပျက်ကွက်ခဲ့

Image caption ဆွေးနွေးပွဲ အပေါ် မျှော်လင့်ချက် ကြီးကြီး ထားခဲ့ကြ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံမယ့် ထိပ်သီး ဆွေးနွေးပွဲကို သမ္မတ ထရမ့်ဘက်က ဘာ့ကြောင့် ဖျက်သိမ်းခဲ့ရသလဲ ဆိုတဲ့ အသေးစိတ် အကြောင်းပြချက် တချို့ အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။

အမေရိကန်ကို ပေးထားတဲ့ ကတိကဝတ် တော်တော်များများကို မြောက်ကိုရီးယားက ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

စင်္ကာပူမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲ အကြို ညှိနှိုင်းမှု အစည်းအဝေးကို မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ပျက်ကွက် ခဲ့တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ နျူကလီယာ စမ်းသပ်တဲ့ နေရာ ဖျက်သိမ်းတယ်ဆိုပြီး ပြုလုပ်တာကို သီးခြား လွတ်လပ်တဲ့ လေ့လာသူတွေ ဝင်ကြည့်ခွင့် မပေးခဲ့ဘူးလို့ အိမ်ဖြူတော် အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

Image caption မြေအောက် လိုဏ်ခေါင်းတွေကို မြောက်ကိုရီးယားက ဖောက်ခွဲ ဖျက်စီး

မေလ ၂၄ ရက် ကြာသပေတေးနေ့၊ မြေအောက် လိုဏ်ခေါင်းတွေကို မြောက်ကိုရီးယားက ဖောက်ခွဲ ဖျက်စီးချိန်မှာ နိုင်ငံခြား သတင်းထောက် အဖွဲ့ တဖွဲ့ကို မြောက်ကိုရီးယားက ခေါ်ဆောင် ပြသခဲ့ပါတယ်။

နျူကလီယာ စမ်းသပ်တဲ့ သူတို့ရဲ့ တစ်ခုတည်းသော နေရာကို ဖျက်သိမ်းလိုက်ပြီလို့ မြောက်ကိုရီးယားက ပြောပြီး နာရီ အနည်းငယ် အကြာမှာပဲ ထရမ့်က ကင်မ်ဂျုံအွန်းနဲ့ မတွေ့တော့ဘူးလို့ ကြေညာ လာတာ ဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲ တစ်ခုလုံးကို ဖျက်သိမ်းလိုက်တဲ့ ထရမ့်ရဲ့ အကြောင်းပြချက်ကို ကြည့်ရင် မြောက်ကိုရီးယား ထုတ်ပြန်ခဲ့တဲ့ ကြေညာဟာ အင်မတန်မှ ဒေါသသံ ပါနေပြီး၊ ရန်လို နေတာလည်း ဘွင်းဘွင်းကြီး ထင်ရှားနေတယ်လို့ ဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား နျူကလီယာ ရည်မှန်းချက်ကို စွန့်လွှတ်ရေးမှာ အမေရိကန် ထိပ်တန်း ခေါင်းဆောင် တချို့က လစ်ဗျားနိုင်ငံ ဖြစ်ရပ်နဲ့ ခိုင်းနှိုင်း ပြောဆိုခဲ့မှုတွေကို မြောက်ကိုရီးယား က တုံ့ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ဟာ ရန်လိုတယ် ဆိုပြီး ထရမ့်က ရည်ညွှန်းတာ ဖြစ်ပါတယ်။

Image caption မြောက်ကိုရီးယားက ရန်လိုလွန်းနေတယ်လို့ ထရမ့်ပြော

လစ်ဗျားမှာ နျူကလီယာ ရည်မှန်းချက်ကို စွန့်ပြီးနောက်ပိုင်း အာဏာရှင် ဂဒါဖီ ကျဆုံးခန်း နောက်က လိုက်ခဲ့တာဖြစ်လို့ မြောက်ကိုရီးယားက မခံမရပ်နိုင် ဖြစ်ခဲ့ပါတယ်။

ဆွေးနွေးပွဲ ပျက်သွားပြီးဆိုတော့ အခု ဘာဆက် ဖြစ်မှာလဲ ဆိုတာ အရေးကြီးဆုံး မေးခွန်းပဲလို့ သံတမန်ရေးဆိုင်ရာ ဘီဘီစီရဲ့ သတင်းထောက် ဂျွန်နသန် မားကပ်စ်က ဆိုပါတယ်။

မြောက်ကိုရီးယား အနေနဲ့ နျူကလီယာ ထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်တာတွေ ပြန်လုပ် လာမှာလား၊ ထရမ့်နဲ့ ကင်မ်ကြား ခါးသည်း ပြင်းထန်တဲ့ စကားလုံး စစ်ထိုးပွဲတွေ ပေါ်လာဦးမလား ဆိုတဲ့ မသေမချာ မရေရာမှုတွေ ပေါ်ပေါက် လာရတယ်လို့ ဂျွန်နသန် မားကပ်စ်က ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို မေးခွန်းတွေ အမေးခံရတဲ့ အခါ ထရမ့် တုံ့ပြန် ခဲ့တာကတော့ ကင်မ်ဂျုံအွန်း အနေနဲ့ မှန်ကန်ဆီလျော်တဲ့ အရာကို လုပ်မယ်လို့ ယုံကြည်တယ်၊ မြောက်ကိုရီးယားမှာ ဖမ်းထားတဲ့ အမေရိကန် နိုင်ငံသားတွေကို ပြန်လွှတ်ပေးတဲ့ အခြေအနေ ရောက်လာခဲ့တဲ့ အထိ ကင်မ်ဂျုံအွန်းနဲ့ သူနဲ့ကြား ဆက်ဆံရေး ပြေလည်ခဲ့တာကြောင့် အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားတယ် ဆိုပြီး ထရမ့်က ပြောခဲ့ပါတယ်။

ထိပ်သီးဆွေးနွေးပွဲ တချိန်ချိန်မှာတော့ ဖြစ်လာနိုင်သေးတယ် ဆိုတဲ့ စကားမျိုးတွေ ထရမ့်ဘက်ကတော့ ဆက်လက် ပြောဆို နေသေးတာကို တွေ့နေရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်နဲ့ တွေ့မယ့် ထိပ်သီး ဆွေးနွေးပွဲကို ထရမ့် ဖျက်သိမ်း

ဒီသတင်းနဲ့ပတ်သက်သမျှ