ထရမ့်နဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း မြောက်ကိုရီးယားပြော

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယားဘက်ကတော့ အချိန်မရွေးဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ မြောက်ကိုရီးယားဘက်က ပြော

အမေရိကန်သမ္မတ ထရမ့်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးမယ့်ဆွေးနွေးပွဲကို ဖျက်လိုက်ပေမယ့် မြောက်ကိုရီးယားဘက်ကတော့ အချိန်မရွေးဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။

ထရမ့် ရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန်မှ စိတ်မကောင်းစရာကောင်းလှပါတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်ကျေးဂွမ်းက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပေါ်ပေါ်တင်တင် ရန်လိုစိတ်ရှိတယ်လို့ ထရမ့်က အပြစ်တင်ပြီး အစည်းအဝေးဖျက်သိမ်းရမှုကို ပြောဆိုပါတယ်။

ထိပ်သီးဆွေးနွေးပွဲဟာ စင်္ကာပူမှာ ကျင်းပဖို့ မူလက စီစဉ်ထားခဲ့တာပါ။

စင်္ကာပူမှာ ဇွန် ၁၂ ရက်မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ဆွေးနွေးပွဲဟာ ဘာကိစ္စတွေ ဆွေးနွေးဖို့ စီစဉ်ခဲ့သလိုဆိုတဲ့ အသေးစိပ်အချက်အလက်ကတော့ ရှင်းရှင်းလင်းလင်းမရှိလှပါဘူး။ ဒါပေမယ့် အဲဒီဆွေးနွေးပွဲဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလျှော့ချရေးအတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ထရမ့်ရဲ့ ကြေညာချက် မထွက်လာမီ နာရီပိုင်းအကြားမှာ ထုတ်ပြန်ခဲ့တဲ့ မြောက်ကိုရီးယား ထုတ်ပြန်ချက်မှာတော့ မြောက်ကိုရီးယားအနေနဲ့ သူ့ကတိအတိုင်း နျူကလီးယား စမ်းသပ်တဲ့ ဥမင်လိုဏ်ခေါင်းကို ဖျက်ဆီးခဲ့တယ်လို့ မြောက်ကိုရီးယားဘက်က ဆိုထားတာပါ။

ဆွေးနွေးပွဲ ဖျက်သိမ်းကြောင်းစာကို မစ္စတာ ကင်ဆီကို ပုဂ္ဂိုလ်ရေးစာပုံစံနဲ့ ပေးပို့လိုက်တာဖြစ်တယ်လို့ ထရန့်က ကြေညာထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သတင်းထောက်တွေဖိတ်ပြီး နျူကလီးယားစမ်းစခန်း ဖျက်တာကိုပြ

အမေရိကန် အကြီးတန်းအရာရှိတဦးကတော့ မြောက်ကိုရီးယားဟာ အလေးအနက်နဲ့ အပြုသဘောဆောင်ပြီး လုပ်တာမဟုတ်ဘူးလို့ ပြောပါတယ်။

ပြုံယမ်းဘက်က ကတိကဝတ်တွေကို အများကြီးချိုးဖောက်ခဲ့ပါတယ် လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီလို ချိုးဖောက်မှုတွေထဲမှာ အိမ်ဖြူတော် ဒုတိယအကြီးအကဲနဲ့ မြောက်ကိုရီးယားအကြား ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အကြိုအဖြစ် စင်္ကာပူမှာ ဆွေးနွေးဖို့ ဆိုတဲ့ ကိစ္စတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယားက မရောက်လာခဲ့ဘဲ သူတို့ဟာ ချိန်းပြီးလာမတွေ့ခဲ့ဘူးလို့လည်း အဲဒီအမေရိကန် အရာရှိက ပြောပါတယ်။

သမ္မတထရမ့်က အဲဒီကိစ္စတွေ အကုန်လုံးကို မစ္စတာ ကင်ဂျုံအွန်းကို ပေးပို့တဲ့စာမှာ ထည့်သွင်းရေးသားထားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ထရမ့်ကတော့ သူ့အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ ပြောထားပါတယ်။

ဆက်စပ် အကြောင်းအရာများ