ထိပ်သီးဆွေးနွေးပွဲပြန် ဖြစ်လာနိုင်တယ်လို့ ထရမ့် ပြောပြန်ပြီ

အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ထရမ့် နဲ့ ကင်မ်ဂျုံအွန်း တွေ့ဆုံပွဲ ပြန်ဖြစ်တော့မလား

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဖို့ စီစဉ်လိုက် ပျက်သွားလိုက် ဖြစ်နေတဲ့ ထိပ်သီးဆွေးနွေးပွဲဟာ အခုတော့ ပြန် ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောပါတယ်။

ဆွေးနွေးပွဲတွေ မဖြစ်တော့ဘူးလို့ ရုတ်တရက် ပြောကြားခဲ့ပြီး တရက်အကြာမှာ အခုလို ပြောလာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ ကြားဆွေးနွေးမှုတွေဆက်လက် လုပ်ဆောင်နေပြီး ခေါင်းဆောင် နှစ်ယောက်က ကနဉီး စီစဉ်ထားတဲ့ အတိုင်း နောက်လမှာ တွေ့ဖို့ ရှိတယ်လို့ မစ္စတာထရမ့်က ဆိုပါတယ်။

ထိပ်သီးဆွေးနွေးပွဲဖျက်သိမ်းကြောင်း အမေရိကန်ဖက်က ကြေညာပြီးနောက်မှာ မြောက်ကိုရီးယားဖက်က ပြေရာပြေကြောင်းရင်ကြားစေ့ ဖျန်ဖြေတဲ့ သတင်းစကား ပေါ်ထွက်လာတဲ့ အတွက် သမ္မတထရမ့်က ဒုတိယအကြိမ် စိတ်ပြောင်းသွားတာ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျိမ်းစ် မက်တစ်ကလည်း ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ သတင်းကောင်း ရထားကြောင်း ၊ တကယ်လို့ သံတမန်တွေ အနေနဲ့ ခက်ခက်ခဲခဲ ကိစ္စ ကို ပြေလည်အောင် လုပ်နိုင်ရင် မူလ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ကြောင်း ၊ သမ္မတ ကိုယ်တိုင် စောစောကပဲ စာထုတ်လိုက်ကြောင်း ၊ ဒီစာ အရ အပေးအယူ ပြန်လည် လုပ်ရင်း အရေးကြီးတဲ့ ထိပ်သီးဆွေးနွေးပွဲ တွေ ဖြစ်မြောက် အောင် ကြိုးစားရတာ ဖြစ်တဲ့ အတွက် အားလုံးကို အသိပေးရတာ ဖြစ်ကြောင်း ၊ ဒါကြောင့် သံတမန် တွေ အားလုံးဟာ အလုပ်ပြန်လုပ်နေကြပြီ ဖြစ်ကြောင်း ၊ ကာကွယ်ရေး ဌာန အမြင် ပြောရရင် ဒါဟာ ကောင်းမွန်တဲ့ အခြေအနေပါလို့ ပြောသွားခဲ့ပါတယ်။

သမ္မတထရမ့် ကိုယ်တိုင် လည်း စီစဉ်ထားတဲ့ ထိပ်သီး ညီလာခံ ကို ဖျက်သိမ်းလိုက်ပြီ လို့ သတင်းထောက် တွေ ပြောအပြီး မှာ မနေ့ ကတော့ မြောက်ကိုရီးယား ဘက် က တိုးတက်မှု ရှိလာတဲ့ နွေးထွေးမှု ကို ချီးကျူးတယ်လို့ ဆိုလာ ပြန်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ကင်ကျေးဂွမ်း ထုတ်ပြန်တဲ့ ကြေညာချက် အရ သူတို့ဘက် က အမေရိကန်နဲ့ အချိန်မရွေး၊ ဘယ်လိုပုံစံ နဲ့ မဆို ဆွေးနွေးဖို့ အသင့် လို့ ပြောတာကို သမ္မတ ထရမ့်က ရည်ညွှန်း ပြောတာ ဖြစ်ပါတယ်။

တချိန်တည်းမှာ သတင်းထောက်တွေ ထဲက တဉီးက ခေါင်းဆောင် နှစ်ဉီးစလုံး ဟာ နိုင်ငံရေး ကစားနေကြတာလား ဆိုတဲ့ မေးခွန်းကို သမ္မတထရမ့် က ပြန်လည် ဖြေကြားရာမှာ လူတိုင်း ဟာ ဒီလိုပဲ နိုင်ငံရေးမှာ ကစားကြတာပဲ လို့ သမ္မတ ထရမ့် က ပြောသွားခဲ့ပါတယ်။