ထရမ့် - ကင် တွေ့ဆုံနိုင်ရေး နှစ်ဘက်ဆွေးနွေး

ဓာတ်ပုံ မူပိုင် EPA
Image caption Sung Kim နဲ့ Choe Son-Hui ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေး နေ

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ တွေ့ဆုံ ဆွေးနွေး နိုင်ရေး ညှိနှိုင်းဖို့ အတွက် အမေရိကန် အစိုးရ အရာရှိ အဖွဲ့ တဖွဲ့ ဟာ မြောက်ကိုရီးယား နိုင်ငံကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

ညှိနှိုင်းမှု တွေကို တောင်နဲ့ မြောက် ကိုရီးယား နယ်ခြား မြောက်ကိုရီးယား ဘက်ခြမ်း စစ်မဲ့ဇုန်က ပန်မွန်ဂျုံ စခန်းမှာ ပြုလုပ် နေတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ကလည်း အတည်ပြု ပြောကြား ပါတယ်။

အမေရိကန် ဘက် က တောင်ကိုးရီးယားဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း လည်းဖြစ် လက်ရှိ ဖိလိပိုင်ဆိုင်ရာ အမေရိကန် သံအမတ် ဆမ်ကင် Sung Kim နဲ့ မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ခြွေဆန်ဟင်း Choe Son-Hui ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေး နေကြတာပါ။

အခုလို ထိပ်သီး ညီလာခံ ဖြစ်မြောက်ရေး အတွက် တောင်ကိုးရီးယား သမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ စနေ့နေ့ ဆွေးနွေး ချက်မှာ ကင်ဂျုံအွန်းဘက် က သူ့အစိုးရ တည်ငြိမ်မှု ရှိရေးနဲ့ အမေရိကန် ကို ယုံကြည်လို့ ရပါ့မလား အပေါ် စိုးရိမ် စိတ် ရှိနေတာပါ။

သမ္မတ ထရမ့် ဟာ မကြာခန ဆိုသလို အငြင်းပွားဖွယ်ရာ တွစ်တာ တွေ ကို ရေးတင် နေတဲ့ အတွက် မြောက်ကိုရီးယား ဘက်မှာ ဘယ် အတိုင်း အတာ အထိ ယုံကြည်လို့ ရပါ့ မလည်း ဆိုတဲ့ သံသယ စိတ်တွေ ဖြစ်ပေါ်စေ တယ် လို့ ဆိုပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ပေါမ်ပီအို ကတော့ တွစ်တာ တွေ ရေး မတင်ပဲ မျက်နှာချင်းဆိုင် ပြောဆို မှုတွေ ပြုလို့ လက်တွေ့ ပိုကျတယ် လို့ ရှင်းပြပါတယ်။

ဆိုးလ်မြို့မှ ဘီဘီစီ သတင်းထောက် Rupert Wingfield-Hayes ကတော့ ကင်ဂျုံအွန်း ဟာ သူ့နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှု ကနေ လွတ်မြောက် လိုတာရယ်၊ နျူကလီးယား လက်နက်တွေ နဲ့ ခြိမ်းခြောက် ပြရာ ကနေ သူ့အဖိုး၊ သူ့အဖေ လက်ထက် ကထက် ပိုမို သြဇာ ရှိလာရာ က အမေရိကန် သမ္မတ နဲ့ ထိပ်သီး ညီလာခံ ကျင်းပခွင့် နီးစပ် လာရခြင်း ကို ဂုဏ်ယူ လိုပုံ ရကြောင်း သုံးသပ်ထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ