ကလေးကိုကယ်တဲ့ မာလီရွှေ့ပြောင်းနေထိုင်သူကို ပြင်သစ်နိုင်ငံသား အဖြစ် ပေးအပ်

ဓာတ်ပုံ မူပိုင် Reuters

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ၄ ထပ်တိုက် လသာဆောင်မှာ တွဲလွဲကျနေတဲ့ ကလေးငယ်ကို ကယ်ခဲ့တဲ့ မာလီနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူကို ပြင်သစ် နိုင်ငံသား အဖြစ် အသိအမှတ်ပြုမှာ ဖြစ်ပါတယ်။

မေ ၂၆ ရက် ညနေပိုင်းက အသက် ၄ နှစ်ကလေးတဦးဟာ ၄ ထပ်တိုက်က လသာဆောင်မှာ တွဲလွဲကျနေတာကို မာမူဒူဂါဆာမာ(Mamoudou Gassama)က ကယ်တင်ခဲ့တဲ့ ဗွီဒီယိုဖိုင် အင်တာနက်မှာ ပျံနှံ့ခဲ့ပြီး သူ့ကို လူအများစုက ချီးကျူးခဲ့ကြပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macronကလည်း Elysee နန်းတော်မှာ ကလေးကို ကယ်ခဲ့တဲ့ မစ္စတာ Gassamaကို ခေါ်ယူ တွေ့ဆုံပြီး ပြင်သစ် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်လို့ ပြောဆိုခဲ့ပါတယ်။

အရင်နှစ်က မစ္စတာ Gassamaဟာ လှေနဲ့ မြေထဲပြင်လယ်ကို ဖြတ်ပြီး ပြင်သစ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

လူအများစုရုံးနေတဲ့ နေရာကို ဖြတ်လျှောက်မိရာမှာ ကလေးတဦး လသာ ဆောင်မှာ တွဲလွဲကျနေတာကို မြင်ရလို့ ဘာမှ မစဉ်းစားဘဲ ကယ်တင် လိုက်တာလို့ မစ္စတာ Gassamaက သမ္မတMacronကို ပြောပါတယ်။ ကလေးကို ကယ်တင်ရာမှာ ကလေးက ငိုနေသလို ခြေထောက်မှာ ဒဏ်ရာရ ထားတယ်လို့ မစ္စတာ Gassamaက ပြောပါတယ်။

ဒါအပြင် မစ္စတာ Gassamaရဲ့သတ္တိအတွက် ပြင်သစ် သမ္မတက ဆုတံဆိပ် ပေးအပ်ခဲ့သလို မီးသတ် ဌာနမှာ အလုပ်ပေးမယ်လို့လည်း ကမ်းလှမ်းခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP

ပြင်သစ်မြို့တော်ဝန် Anne Hidalgo ကလည်း မစ္စတာ Gassamaရဲ့ အပြုအမှုကို ချီးကျူးလိုက်ပြီး သူရဲ့ လုပ်ရပ်ဟာ ပြင်သစ်နိုင်ငံသား အားလုံး အတွက် ဥပမာတခုလို့ ပြောပါတယ်။

ဒါအပြင် ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ ၁၈ ရပ်ကွက်ကို အစွဲပြုပြီး မစ္စတာ Gassamaကို ၁၈ ယောက်မြောက် ပင့်ကူလူသားလို့ ခေါ်ဆိုလိုက်ပါတယ်။

ပြင်သစ်မီဒီယာတွေမှာတော့ ကလေးအခုလို ဖြစ်နေတဲ့အချိန်မှာ မိဘတွေက အိမ်မှာ မရှိဘူးလို့ ပြင်သစ်တာဝန်ရှိသူတွေကို ကိုးကားပြီး ရေးပါတယ်။

ကလေးကို တယောက်တည်း ထားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ကလေးအဖေကို စစ်ဆေး မေးမြန်းနေသလို ကလေး မိခင်ကတော့ ပဲရစ်မှာ ရှိမနေဘူးလို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ