တာမန်နစ္စတန်မှာ ခေါင်းဆောင်ပုံနဲ့ နောက်ဖေးမကုန်းရ အမိန့်ထုတ်

ဓာတ်ပုံ မူပိုင် ALTERNATIVNNYY NOVOSTI TURKMENISTANA
Image caption တာမန်နစ္စတန်က သမ္မတပုံပါတဲ့ သတင်းစာ စက္ကူ

အရင် ဆိုဗီယက် ပြည်ထောင်စု နိုင်ငံဟောင်း ဖြစ်တဲ့ တာမန်နစ္စတန်နိုင်ငံမှာ ခေါင်းဆောင် သမ္မတ ပုံနဲ့ အိမ်သာတက်တာကို အစိုးရက တားမြစ် ပိတ်ပင်လိုက်ပါတယ်။

ဒီအတွက် ရဲတွေ အိမ်သာတွေကို လိုက်စစ်ပြီး သမ္မတ Gurbanguly Berdimuhamedov ရဲ့ ပုံပါတဲ့ သတင်းစာတွေ ရှိမရှိ လိုက်စစ်ဆေးနေရပါတယ်။

နိုင်ငံအနောက်ပိုင်းက ဘော်လကန်ဒေသမှာ အများသုံး အိမ်သာနဲ့ နေအိမ်တွေထဲပါ ဝင်စစ်ဖို့ ရဲကို အမိန့်ထုတ်ထားတာပါ။

သမ္မတပုံ ပါတဲ့ သတင်းစာတွေ သုံးတာတွေ့ရင် စစ်ဆေးဖို့လည်း အမိန့်ထုတ်ထားတယ်လို့ မော်စကိုက သတင်းဌာနတခုက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တာမန်နစ္စတန်က လှည့်လည်ချီတက်ပွဲ

တာမန် ခေါင်းဆောင်ပုံပါတဲ့ နောက်ဖေးကုန်းပြီးသား စက္ကူတွေကို အမှိုက်ပုံတွေနဲ့ မြေကျင်းကြီးတွေထဲမှာ တွေ့နေရလို့ ရှာဖွေ စစ်ဆေးဖို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

အမှိုက်ကျင်းကြီး တခုစီမှာ အထူး မိလ္လာ အရာရှိတွေ ထားပြီး စစ်ဆေးရမယ်၊ သတင်းစာ ပါတဲ့ နောက်ဖေး စက္ကူတွေ ရှိမရှိ နဲ့ ဘယ်အိမ် ဘယ်တိုက်ခန်းက သတင်းစာ မှာတယ် ဆိုတာတွေကို စစ်ဆေးပြီး ရဲကို သတင်းပို့ဖို့ ညွှန်ကြားထားတယ်လို့လည်း Fergana သတင်းဌာနက ရေးသားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တာမန်နစ္စတန်နိုင်ငံက သမ္မတ Berdimuhamedov

သမ္မတပုံကို ညစ်ပေအောင် လုပ်သူတွေကို သတိပေးသွားမယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ တာမန်နစ္စတန်မှာ စီးပွားရေး အကျပ်ဆိုက်နေလို့ အိမ်သာသုံး စက္ကူ မသုံးနိုင်တဲ့ အတွက် ဒီလို သတိပေးချက် ထုတ်မယ်ဆိုရင် တပုံတခေါင်းကြီး ဖြစ်နေမယ် လို့လည်း lternativnnyy Novosti Turkmenistana ဝက်ဆိုက်က ရေးသားပါတယ်။

လူတွေကို သတင်းစာ မဝယ်မနေရ ဝယ်ခိုင်းထားရင် ဘယ်သူက အိမ်သာစက္ကူ ထပ်ဝယ်တော့မှာလဲလို့လည်း အဲဒီ ဝက်ဆိုက်က ရေးပါတယ်။

သတင်းစာတွေ အားလုံးမှာ ဒီခေါင်းဆောင်ပုံက လွှမ်းမိုးနေတာမို့ သူ့ပုံမပါဘဲ ရှောင်သုံးဖို့လည်း ခက်မယ်လို့ သိရပါတယ်။

သမ္မတပုံတွေ ဖျက်ဆီးမှုနဲ့ ကလေးတွေ အများကြီး ဖမ်းထားတယ် ဆိုတဲ့ သတင်း အမေရိကန် ရန်ပုံငွေ ထောက်ပံ့ထားတဲ့ ရေဒီယို တခုက ထွက်လာပြီးနောက် ဒီအိမ်သာစက္ကူ ကိစ္စ ပေါ်လာတာပါ။

တနေရာမှာ ကလေးတွေက ခေါင်းဆောင်ပုံကို ပစ်ချပြီး ကစားရင်း တက်နင်းကြတယ် ဆိုသလို တခြားတနေရာမှာတော့ အာဏာရှင် ခေါင်းဆောင်ပုံကို မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေ တပ်ပေးလို့ ကလေးတွေကို ဖမ်းတယ်လို့လည်း ဆိုပါတယ်။