ဘယ်လဂျီယံမှာ သေနတ်သမား ပစ်ခတ်မှုကြောင့် ရဲ ၂ ဦးသေ

ဓာတ်ပုံ မူပိုင် AFP
Image caption ရုပ်သံဗီဒီယို မှတ်တမ်းတွေအရတော့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတုန်း လူတွေက ဘေးလွတ်ရာကို ပြေးလွှားနေကြတာတွေ့ရ

ဘယ်လဂျီယံနိုင်ငံ လဲ့ရှ်မြို့မှာ သေနတ်သမား တဦးရဲ့ ပစ်ခတ်ခဲ့မှုကြောင့် ရဲအရာရှိနှစ်ဦးအပါအဝင် အနီးအနားမှာ ရှိနေတဲ့ ယာဉ်မောင်းတဦးပါ သေဆုံးခဲ့ရပါတယ်။

သေနတ်သမား ရဲတွေရဲ့ ပစ်ခတ်မှုကိုခံရပြီး မသေဆုံးခင် စာသင်ကျောင်းတကျောင်းက အမျိုးသမီးဝန်ထမ်းသန့်ရှင်းရေးသမားကို ဓားစာခံလုပ်အဖြစ် လုပ်ထားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အတွင်း အခြားရဲအရာရှိ ၂ ဦးကလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်သမားရဲ့ ပစ်ခတ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် အကြမ်းဖက်မှုနဲ့ ဆိုင်တဲ့ အစိုးရ ရှေ့နေတွေက သေသေချာချာ စိစစ်စောင့်ကြည့်နေကြပါတယ်။

ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဖော်ပြတဲ့ ဒေသတွင်း သတင်းတပုဒ်မှာတော့ သေနတ်သမားက အလ္လာဟု အက္ကဘာ ဆိုပြီး အော်ဟစ်သံကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

၂ဝ၁၆ ခုနှစ်က ဘယ်လဂျီယံနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ္မစ် နိုင်ငံတော် အိုက်အက်စ်အဖွဲ့ရဲ့ လူ ၃၂ ဦး သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုတွေ နောက်ပိုင်း လုံခြုံရေးသတိပေးမှုတွေ လုပ်ခဲ့တာပါ။

ဘရပ်ဆဲလ်အခြေစိုက် စစ်သွေးကြွတွေဟာ ၂ဝ၁၅ ခုနှစ်မှာဖြစ်ခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုမှာလည်း ပါဝင်ခဲ့တာပါ။

ဘယ်လဂျီယံရဲ့ ပြည်ထဲရေးဝန်ကြီးကတော့ ဂျန်ဂျန်ဘွန်ကတော့ နိုင်ငံရဲ့ အကြမ်းဖက်မှု ပဋိပက္ခ တိုက်ဖျက်ရေးစင်တာကနေ ဒီကိစ္စကို အချက်အလက်ကောက်ယူမှုလုပ်နေတယ်လို့ ပြောပါတယ်။

ဖြစ်ရပ်ရဲ့ အခြေခံ သဘောတရားအရနဲ့ အချက်လက်တွေအရတော့ ဒီတိုက်ခိုက်မှုဖြစ်စဉ်ဟာ အကြမ်းဖက်ဥပဒေအရ အရေးယူရမယ်ဆိုတာ ပြသနေတယ်လို့ ဘယ်လ်ဂျီယံ ဖက်ဒရယ်ရှေ့ရုံးက ပြောခွင့်ရ Eric Van Der Sypt က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

လူမှုကွန်ယက်မီဒီယာပေါ်က ရုပ်သံဗီဒီယို မှတ်တမ်းတွေအရတော့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတုန်း လူတွေက ဘေးလွတ်ရာကို ပြေးလွှားနေကြတာတွေ့ရပါတယ်။

လုံခြုံရေးရယူထားတဲ့ နေရာဝန်းကျင်တလျှောက်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေခဲ့ပြီး လူတွေကို အနားမလာကြဖို့လည်း ပြောဆိုနေကြတာတွေ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ