ရုရှားဂျာနယ်လစ် သေဆုံးမှု ရုရှားကို ယူကရိန်း အပြစ်တင်

ဓာတ်ပုံ မူပိုင် EPA
Image caption ရုရှားဝေဖန်ရေး ဂျာနယ်လစ် ဘတ်ချန်ကို

ကိယက်ဗ်မှာနေထိုင်တဲ့ ရုရှားဂျာနယ်လစ် Arkady Babchenko သေဆုံးမှုရဲ့ နောက်ကွယ်မှာ ရုရှားပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ယူကရိန်း ဝန်ကြီးချုပ် ဗလောဒီမီယာ ဂရိုင်းစမန်း Volodymyr Groysman က စွပ်စွဲလိုက်ပါတယ်။

ရုရှားရဲ့ အကြွင်းမဲ့ အာဏာရှင် စနစ်ဟာ ဂျာနယ်လစ်ရဲ့ ရိုးသားမှုနဲ့ အခြေခံမူသဘောတရားကိုင်စွဲခြင်း ခိုင်မာမှုတွေအပေါ်မှာ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ ယုံကြည်တယ်လို့ ဝန်ကြီးချုပ် ဂရိုင်းစမန်းက သူ့ရဲ့ လူမှုကွန်ယက် မီဒီယာပေါ်မှာ ရေးသားထားတာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘတ်ချန်ကိုဆို ရုရှားသတင်းထောက်ဟာ နေအိမ် အပြင်ဘက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး ရုရှားကလည်း အဲဒီကိစ္စအပေါ် ဝေဖန်နေပါတယ်။

သွေးစွန်းတဲ့ ရာဇဝတ်အတွက် စုံစမ်းစစ်ဆေးဖို့ ရုရှားက တောင်းဆိုထားပြီး ရာဇဝတ်မှုတွေဟာ ကိယက်ဗ် အာဏာရှင်တွေအတွက် လုပ်ရိုးလုပ်စဉ် လုပ်ငန်းဖြစ်လာပြီလို့လည်း ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက ဝင်ရောက်သိမ်းပိုက်ခဲ့ချိန်ကစလို့ ရုရှားနဲ့ ယူကရိန်းကြား အမြဲတမ်းလိုလို တင်းမာမှုတွေ ရှိနေတာပါ။

အသက် ၄၁ နှစ်အရွယ် ဘတ်ချန်ကိုဟာ နေအိမ်အပြင်ဘက် အဝင်ဝနားမှာ သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာရနေခဲ့တာကို ဇနီးသည်က ရှိခဲ့ပြီးတဲ့နောက် ဆေးရုံကို ပို့ဖို့ ကြိုးစားစဉ် လူနာတင်ယာဉ်ပေါ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သူဟာ နောက်ကျောကနေ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

သတင်းထောက်ဟာ ပေါင်မုန့်ထွက်ဝယ်ခဲ့တာဖြစ်ပြီး လူသတ်သမားဟာ သူ့ကိုစောင့်နေခဲ့တာဖြစ်တယ်လို့ ယူကရိန်းရှေ့နေဖြစ်သူ အန်တန် ဟာရာရှန်ကိုက ပြောပါတယ်။

ဘတ်ချန်ကို ဟာ သူ့ရဲ့ သက်မွေးဝမ်းကျောင်းအလုပ်နဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကြောင့် အသတ်ခံခဲ့ရတာဖြစ်ဖွယ်ရှိတယ်လို့ သံသယဖြစ်မိကြောင်း ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

သူဟာ ယူကရိန်း စစ်သားတွေနဲ့အတူ ယူကရိန်းအရှေ့ခြမ်းက စစ်ဖြစ်နေတဲ့ နေရာကို သွားရောက်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဟယ်လီကော်ပတာမှာ နေရာလွတ်မရှိခဲ့တာကြောင့် သူ့အနေနဲ့ မလိုက်ဖြစ်ခဲ့သလို အဲဒီဟယ်လီကော်ပတာကလည်း ရုရှားလိုလားသူ သူပုန်တွေ ပစ်ခတ်ခံခဲ့ရပြီး ၁၄ ဦး သေဆုံးခဲ့ရတာပါ။

ကျွန်တော့်အနေနဲ့ အလွန်ကံကောင်းခဲ့ပြီး အဲဒီနေ့ဟာ ဒုတိယ မွေးနေ့ဖြစ်ခဲ့တယ်လို့ ဘတ်ချန်ကိုက ရေးထားခဲ့တာပါ။ သူဟာ အဲလိုရေးထားပြီး ၁ဝ နာရီအကြာမှာပဲ သူတို့က ဘတ်ချန်ကို ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ရုရှားရဲ့ အကြွင်းမဲ့ အာဏာရှင်စနစ်ပုံစံနဲ့ လည်ပတ်မှုဟာ သတင်းထောက်ရဲ့ ရိုးသားဖြောင့်မတ်မှုနဲ့ အခြေခံ သဘောတရားရေးရာ ခိုင်မာမှုကို အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်အနေနဲ့ ယုံကြည်မှု အပြည့်ရှိတယ်၊ သူဟာ ယူကရိန်းအတွက် စစ်မှန်တဲ့ မိတ်ဆွေဖြစ်သလို ရုရှားရဲ့ ရန်လိုမှုကို ကမ္ဘာကို သိအောင် ပြောပြခဲ့နိုင်သူ တဦးလည်း ဖြစ်ပါတယ် လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောပါတယ်။

လူသတ်သမားဟာ ပြစ်ဒဏ်ကျခံသင့်တယ်လို့လည်း ဝန်ကြီးချုပ် ဂရိုင်းစမန်း က ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ယူကရိန်းအာဏာပိုင်တွေအနေနဲ့ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ချက်ခြင်းပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

အသက် ၁၈ နှစ်အရွယ်မှာ ရုရှားမြို့တော် မော်စကိုမှာ ဥပဒေပညာသင်ယူခဲ့တဲ့ အဲဒီဂျာနယ်လစ်ဟာ ရုရှားစစ်တပ်မှာလည်း တာဝန်ထမ်းဆောင် ခဲ့ဖူးပါတယ်။

သူ့ရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်တဲ့ စစ်ပွဲထဲက စစ်သားတဦး စာအုပ်ဟာ စစ်ပွဲမှာ နှစ်ဘက် စလုံးရဲ့ အသက်တွေများစွာ ပါဝင်စတေးပြီး ဆုံးရှုံးရတာကို ဖော်ပြထားတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ သူဟာ သတင်းထောက်ဖြစ်လာခဲ့ပြီး သတင်းဌာန အတော်များများ အတွက်လည်း အလုပ်တွေလုပ်ခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာမှာတော့ သူဟာ ရုရှား တပ်နီတော် စစ်သည်တွေတင်ဆောင်လာတဲ့ လေယာဉ်တစင်း ပင်လယ်နက်ထဲ ပျက်ကျခဲ့တဲ့ အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ အဲဒီစစ်သည်တွေဟာ ဆီးရီးယားကို သွားတဲ့စစ်သည်တွေပါ။

ရုရှားဟာ ရန်လိုသူနဲ့ သေကြေမှုတွေ ဖြစ်စေမယ့် လုပ်ရပ်တွေနဲ့ ခြိမ်းခြောက် အနိုင်ကျင့်မှုတွေကို ဦးဆောင်နေတယ်ဆိုပြီးတော့လည်း ရေးထားတာပါ။

ဂါးဒီးယန်းသတင်းစာအတွက် သူရေးသားတဲ့ ဆောင်းပါး တပုဒ်ကိုတော့ 'ကျွန်တော်အတွက် လုံခြုံတယ်လို့ မခံစားရတဲ့ တိုင်းပြည်' ဆိုပြီး ခေါင်းစဉ်ပေးခဲ့တာပါ။

ဘတ်ချန်ကိုဟာ ဘီဘီစီအတွက်လည်း သတင်းပေးပို့မှုတွေလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တုန်းက ယူကရိန်း ဟယ်လီကော်ပတာ တစီးပစ်ချခံရမှု အကြောင်းသတင်းလည်း ပါဝင်တာပါ။သူဟာ ယခင်က ပရတ်ကို ထွက်ပြေးနေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ ယူကရိန်းကို ရောက်လာသူပါ။

ယူကရိန်းရဲ့ ATR ရုပ်သံလိုင်းမှာလည်း တာဝန်ထမ်းခဲ့ဖူးတာပါ။

ယူကရိန်းမြို့တော် ကိယက်ဗ်မှာ နာမည်ကျော်ကြားသူတွေနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမား ၊ ဂျာနယ်လစ်တွေ အသတ်ခံရမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး အဲဒီထဲက အများစုဟာ ရုရှား ကရင်မလင်ကို ဝေဖန်သူတွေ ဖြစ်နေတာပါ။

ကရင်မလင်ကို ဝေဖန်တဲ့ ဘေလာရုစ် ဂျာနယ်လစ် တဦးဟာ ၂၀၁၆ ခုနှစ်က ကိယက်ဗ်မှာ ကားဗုံးခွဲပြီး တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရပါတယ်။

၂ဝ၁၇ ခုနှစ်ကတော့ ယူကရိန်းထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီး Maxim Shapoval ဟာ ကားဗုံးခွဲ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သလို ယူကရိန်း အာဏာပိုင်တွေကတော့ အဲဒီလုပ်ရပ်ကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ရုရှား လွှတ်တော်အမတ်ဟောင်းတဦးဖြစ်တဲ့ ဒဲနစ် ဗိုရွန်နင်ကော့ဗ်ဟာလည်း ၂ဝ၁၇ ခုနှစ် မတ်လ တုန်းက ကိယက်ဗ်မြို့တော်က ဟိုတယ်တခုရဲ့ အပြင်ဘက်မှာ လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ