ကုန်သွယ်စစ်ပွဲဆင်နွှဲကြတော့မှာလား

ဓာတ်ပုံ မူပိုင် PA
Image caption စတီးလုပ်ငန်းကို ကာကွယ်တာဟာ အမေရိကန် အမျိုးသားလုံခြုံရေးကို ကာကွယ်တာလို့ သမ္မတ ထရမ့်ကဆို

စီးပွားရေး ထိပ်သီး ၇ နိုင်ငံရဲ့ ဂျီ ဆဲဗင်း အစည်းအဝေးကျင်းပရာ ကနေဒါတောင်ပေါ် အပန်းဖြေစခန်း ဝှစ်စ်လာ မှာတော့ အကြီးအကျယ် အငြင်းပွားနေကြပါတယ်။

အမေရိကန်ရဲ့ သံမဏိနဲ့ အလူမီနီယံ အကောက်ခွန်တိုးမြှင့်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံကြီးတွေအကြားမှာ အကြီးအကျယ် အငြင်းပွား ရန်ဖြစ်နေကြတာပါ။

အီးယူနဲ့ ကနေဒါတို့က လက်တုန့်ပြန်မယ်လို့ ခြိမ်းခြောက်နေပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုန်သွယ်စစ်ပွဲကြီး ဖြစ်မလာအောင် ရှောင်ရှားနိုင်မယ့် အခွင့်အရေးဟာ ရက်နည်းနည်းသာကျန်တော့တယ်လို့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလမဲက သတိပေးလိုက်ပါတယ်။ အီးယူ ဥရောပသမဂ္ဂဘက်ကလည်း တုန့်ပြန်ဖို့ ဟန်ပြင်နေပြီဖြစ်တဲ့ အတွက် အမေရိကန်ဘက်က တခုခု အလျော့ပေးမှသာ ကုန်သွယ်စစ်ပွဲကို ရှောင်လွှဲနိုင်မယ့် အလားအလာရှိတယ်လို့ သူက ဆိုပါတယ်။

ကနေဒါ ဘဏ္ဍာရေးဝန်ကြီး ဘေလ် မော်နို ကတော့ ဥရောပ၊ မြောက်အမေရိက နိုင်ငံတွေအားလုံးက တညီတညွတ်တည်း ကန့်ကွက်နေကြောင်း ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့ရပ်တည်ချက်ကနေ တပြားသားမှ မလျှော့နိုင်ကြောင်းကို ထုံးစံအတိုင်း တွတ်တာကနေ ရေးသားပြောဆိုပါတယ်။

တနှစ်ကို ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၈၀၀ ဘီလျံ ပြနေတဲ့ နိုင်ငံတနိုင်ငံဟာ ကုန်သွယ်ရေးစစ်ပွဲမှာ ဘယ်လိုမှ ရှုံးစရာ မရှိဘူးလို့ သူကဆိုပါတယ်။ ဆိုလိုတာကတော့ သွင်းကုန်ပို့ကုန်နှိုင်းယှဉ်ချက်မှာ အမေရိကန်ဟာ နှစ်စဉ် ဒေါ်လာ ၈၀၀ ဘီလျံလောက် အနစ်နာခံနေတာဖြစ်တဲ့ အတွက် ကုန်သွယ်ရေးပျက်ရင် သူ့ဖက်က ထပ်နစ်နာစရာ မရှိဘူးလို့ပြောတဲ့သဘောပါ။ သူက အခုကုန်သွယ်မှုဟာ လွတ်လပ်မျှတတဲ့ ကုန်သွယ်ရေးမဟုတ်ဘူး။ အသုံးမကျတဲ့ ကုန်သွယ်ရေး လို့လည်း ဆိုပါတယ်။ အမေရိကန်ကို အမဲဖျက်နေကြတယ်လို့လည်း ဆိုပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကတော့ သူတို့အနေနဲ့ အထီးကျန်ဖြစ်အောင် လုပ်နေတာမဟုတ်ဘူး။ အမေရိကန်ရဲ့ ကမ္ဘာ့စီးပွားရေးခေါင်းဆောင်နေရာကို ပိုပြီးခိုင်မာအောင် လုပ်နေတာသာဖြစ်တယ်လို့ဆိုပါတယ်။ အခုလိုလုပ်ခြင်းအားဖြင့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးပိုကောင်းလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ လုံခြုံရေးကောင်းတာဟာ ကမ္ဘာကြီးရဲ့ လုံခြုံရေးကောင်းတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ