ရေခဲစိမ်သလဲသီးစားလို့ အသည်းရောင် အသားဝါရောဂါ ကူးစက်သေဆုံး

ဓာတ်ပုံ မူပိုင် ABEDIN TAHERKENAREH
Image caption အီဂျစ်က သွင်းလာတဲ့ သလဲသီးတွေ

သြစတြေးလျမှာ အမျိုးသမီးတယောက် ရေခဲစိမ်သလဲသီး စားပြီးနောက် အသည်းရောင် အသားဝါရောဂါ အေပိုးကူးစက် သေဆုံးသွားပါတယ်။

၆၄ နှစ်အရွယ် အမျိုးသမီးဟာ ရှားရှားပါးပါး ရောဂါကူးစက်ခံရပြီး သေဆုံးတာလို့ တောင်သြစတြေးလျ ပြည်နယ်က ကျန်းမာရေး အာဏာပိုင်တွေက ဆိုပါတယ်။

သြစတြေးလျ နိုင်ငံတဝှမ်း အသည်းရောင် ရောဂါ ကူးစက်တာ ၂၄ ယောက်ထိ ရှိတယ်လို့လည်း သိရပါတယ်။

သြစတြေးလျ နိုင်ငံသားတွေအိမ်တွေက အအေးခန်းတွေထဲ သိမ်းထားတဲ့ သလဲသီးတွေကို လွှင့်ပစ်ဖို့လည်း သတိပေးထားပါတယ်။

အီဂျစ်က သွင်းလာတဲ့ သလဲသီး အထုပ် နှစ်ထောင်လောက် သြစတြေးလျမှာ ရောင်းပြီးနေပါပြီ။

နိုင်ငံထဲမှာ စိုက်တဲ့ သလဲသီးတွေနဲ့ အစိမ်းအတိုင်းလာတဲ့ အသီးတွေကိုတော့ မထိခိုက်ဘူးလို့လည်း သိရပါတယ်။

ဒီအမျိုးသမီး သေဆုံးမှုဟာ အီဂျစ်ကသွင်းလာတဲ့အသီးစားလို့ ဖြစ်တာလို့ တောင်သြစတြေးလျ ပြည်နယ် ကျန်းမာရေး အရာရှိချုပ် ပါမောက္ခ ပက်ဒီ ဖိလစ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Science Photo Library
Image caption အီဂျစ်ကလာတဲ့ သလဲသီး တချို့မှာ ရောဂါပိုး ပါလာ

တခြား အသီးစားမိတဲ့ သူအများစုမှာ ချက်ချင်း ရောဂါက ပြန်နာလန်ထူနိုင်ပြီး ထပ်ဖြစ်တာလည်း မတွေ့ဘူးလို့ ဆိုပါတယ်။

အသည်းမှာ ဖြစ်တဲ့ အေပိုးဟာ မစင်ကတဆင့် အများဆုံး ကူးလေ့ ရှိပါတယ်။

လိင်ဆက်ဆံတာ၊ ပိုးပါတဲ့ အစားအစာနဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်တာကနေလည်း ကူးတတ်ပါတယ်။

ရောဂါ လက္ခဏာ ပေါ်ဖို့ ၁၅ ရက်ကနေ ရက် ၅ဝ ထိ ကြာတတ်ပါတယ်။

အော့အန်တာ၊ အဖျားတက်တာနဲ့ အသားဝါတာတွေ ဖြစ်တာပါ။

အီဂျစ်ကလာတဲ့ သလဲသီး တချို့မှာ ရောဂါပိုး ပါလာတာလို့ ဆိုပါတယ်။

မနှစ်ကလည်း ဘယ်ရီသီးရေခဲစိမ်တွေ ရောင်းလို့ အသားဝါ အေပိုး ကူးစက်တာတွေ ဖြစ်ခဲ့ပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာလည်း လစ်စတီးရီးယား ဘက်တီးရီးယား ရောဂါပိုးပါတဲ့ ဖရဲသီးစားပြီး သြစတြေးလျ နိုင်ငံသား ၇ ယောက် သေဆုံးခဲ့ပါတယ်။