ကင်ဂျုံအွန်းကို အမေရိကန်ထိလာဖို့တောင် ဖိတ်ကောင်းဖိတ်မယ်

ထရမ့်-ကင်
ဓာတ်ပုံ ပုံစာ,

စင်္ကာပူမှာ ရောင်းနေတဲ့ ထရမ့်-ကင် ဘာဂါ

စင်္ကာပူ ထိပ်သီး ဆွေးနွေးပွဲမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဆွေးနွေး ညှိနှိုင်း ရတာတွေ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ခဲ့မယ် ဆိုရင် အမေရိကန်ဆီ လာဖို့ ကင်ဂျုံအွန်းကို ဖိတ်မလား ဆိုတာထိ သူ စဉ်စားမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

ဇွန်လ ၁၂ ရက်ကျရင် ပြုလုပ်မယ့် ထိပ်သီး ဆွေးနွေးပွဲ ကျရင် ဘယ် အကြောင်းချင်းရာတွေ ထည့်သွင်း ပြောဆိုမလဲ ဆိုတာကို အမေရိကန်မှာ ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ တိုင်ပင် ခဲ့ပြီးတဲ့နောက် သမ္မတ ထရမ့်က အခုလို ပြောလာတာပါ။

မြောက်ကိုရီးယားက ဂျပန်နိုင်ငံသားတချို့ကို ပြန်ပေးဆွဲ ဖမ်းဆီးထားတယ် ဆိုတဲ့ အငြင်းပွားဖွယ်ရာ အချက်ကိုလည်း ကင်နဲ့ တွေ့တဲ့အခါ ပြောမယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ဂျပန်ဝန်ကြီးချုပ်နဲ့လည်း ထရမ့်တိုင်ပင်

ဝန်ကြီးချုပ် အာဘေးကလည်း ဒီ ပြန်ပေးကိစ္စဟာ ဂျပန် အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတဲ့ သမ္မတထရမ့် နားလည် ထားတယ်လို့ အိမ်ဖြူတော်မှာ ရှိနေခဲ့တဲ့ ဝန်ကြီးချုပ် အာဘေးကလည်း ပြောပါတယ်။

စင်္ကာပူ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်မယ်လို့ အကောင်းမြင် သဘော ထားရှိထားတယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။

မြောက်ကိုရီးယား အကြောင်း ရည်ညွှန်း ပြောတဲ့ အခါမျိုးမှာ ဖိအားပေးမယ် ဆိုတဲ့ အသုံးအနှုံးမျိုး မသုံးစွဲလိုဘူး၊ နှစ်ဘက် ရင်းရင်းနှီးနှီး တွေ့ဆုံကြမှာ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

သူ့ပါးစပ်က "အမြင့်ဆုံး ဖိအား" ဆိုတဲ့ စကားလုံးမျိုး ဆွေးနွေးပွဲ အပြီး သုံးစွဲလာတာ ကြားရပြီ ဆိုရင်တော့ အစည်းအဝေး မအောင်မြင်ဘူး ဆိုတဲ့ သဘောလို့သာ မှတ်ကြပေတော့ လို့လည်း ထရမ့်က ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ကင်ဆီက အာမခံချက် ရထားတယ်လို့ ပြောတဲ့ ပွန်ပေအို

ဒီအချိန်မှာပဲ မြောက်ကိုရီးယား အနေနဲ့ နျူကလီယား စီမံကိန်းကို စွန့်လွှတ်ဖို့ ပြင်ဆင် ထားတယ် ဆိုတဲ့ အာမခံချက်မျိုး ကင်ဂျုံအွန်း ကိုယ်တိုင်ဆီက ရရှိထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပေအိုက ပြောပါတယ်။

မြောက်ကိုရီးယာရဲ့ နျူကလီယား စီမံကိန်း စွန့်လွှတ်ရေးလို့ ဆိုရာမှာ အတိအကျ ဘာကို ဆိုလိုသလဲ ဆိုတာကို နှစ်နိုင်ငံက အဓိပ္ပာယ် အသီးသီး ဖွင့်ထားတာကနေ၊ အခုတော့ ဘုံ သဘောထားမျိုး ရရှိဖို့ နီးစပ် လာနေပြီလို့လည်း ဝန်ကြီး ပွန်ပေအိုက ဆိုပါတယ်။

လာမယ့် သီတင်းပတ်ထဲ တွေ့ဆုံမယ့် ထိပ်သီး ဆွေးနွေးပွဲကနေ ဘယ်လို သဘောတူညီမှုမျိုး ရလာသည် ဖြစ်စေ၊ အမေရိကန် လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူမှာ ဖြစ်တယ်လို့ မစ္စတာ ပွန်ပေအိုက ပြောပါတယ်။

ထိပ်သီးဆွေးနွေးပွဲ အချိန် နီးကပ်လာတာနဲ့ အမျှ သမ္မတထရမ့်ဟာ အောင်မြင်ရမယ် ဆိုတဲ့ မျှော်လင့်ချက် အပြည့် ထားနေတာမှန်ပေမယ့် တပြိုင်တည်းမှာပဲ အခြေအနေ အားလုံးကိုလည်း သတိကြီးကြီးထားပြီး မျက်စိဖွင့် နားစွင့်လျက် ရှိနေတယ်လို့ ဝန်ကြီး ပွန်ပေအိုက ဆိုပါတယ်။

ဗီဒီယို ပုံစာ,

မြောက်ကိုရီးယားအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု