ကင်ဂျုံအွန်းကို သမ္မတထရမ့်က အမေရိကန်ကို ဖိတ်ကြား

ဓာတ်ပုံ မူပိုင် Reuters

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့နိုင်ငံကို တရားဝင် လာရောက်ဖို့ ဖိတ်ခေါ်တာကို မစ္စတာကင်က လက်ခံခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနက ကြေညာပါတယ်။

စင်ကာပူနိုင်ငံ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ ထရမ့်နဲ့ မစ္စတာကင်တို့ တွေ့ဆုံရာမှာ အမေရိကန်ကို လာဖို့ သမ္မတ ထရမ့်က ဖိတ်ခေါ်ခဲ့သလို မစ္စတာထရမ့်ကိုလည်း ပြုံယမ်းကို လာဖို့ မစ္စတာကင်က ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ခေါင်းဆောင် ၂ ဦးက တယောက်နဲ့ တယောက်ရဲ့ ဖိတ်ခေါ်မှုကို အပြန်အလှန် လက်ခံခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် (KCNA) သတင်းက ကြေညာပါတယ်။

သူတို့ ၂ ဦး ထိပ်သီးဆွေးနွေးပွဲကို ကမ္ဘာတဝန်း သတင်းဌာနတွေက တိုက်ရိုက် တင်ဆက်ခဲ့ပေမယ့် KCNAကတော့ ထုတ်လွှင့်ခဲ့ခြင်း မရှိပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကင်နဲ့ ပါလာတဲ့ မြောက်ကိုရီးယား မီဒီယာ

ဒီဖိတ်ကြားချက်ကို ထောက်ခံတဲ့သူတွေကတော့ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ အခွင့်အလမ်းဖြစ်သလို မြောက်ကိုရီးယားခေါင်းဆောင်အတွက် လူသိရှင်ကြားပေး လိုက်ရတဲ့ နောက်ထပ် နိုင်ငံရေး ကစားကွက်တခု ဖြစ်သွားမှာကို ဝေဖန်သူတွေက စိုးရိမ် နေတယ်လို့ ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

သမ္မတထရမ်နဲ့ မစ္စတာကင်တို့ရဲ့ ထိပ်သီး ဆွေးနွေးပွဲအပေါ် ကမ္ဘာတဝန်းက သတိထား ကြိုဆိုကြသလို တချို့ကလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

သမ္မတထရမ့်ကို ထောက်ခံတဲ့သူတွေကတော့ သမ္မတရဲ့ သမိုင်းဝင် သံတမန်ရေး လုပ်ဆောင်ချက်ကို ကြိုဆိုလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ် ဖွင့် လိုက်တာလို့ တောင်ကိုရီးယားနိုင်ငံက ပြောပေမယ့် ပူးတွဲ စစ်ရေး လေ့ကျင်မှုတွေကို အဆုံးသတ်မယ်ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ ကြေညာချက်ကို အံအားသင့်တယ်လို့ ဆိုပါ တယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်ဖို့ဆိုတာ မြောက်ကိုရီးယား နိုင်ငံရဲ့ အဓိက တောင်းဆိုမှုတခုလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လျော့ပေါ့ပေးဖို့ အစပျိုးလိုက်တာလို့ တရုတ်နိုင်ငံက ပြောပါတယ်။

နျူကလီးယား ကင်းရှင်းရေးအတွက် သမ္မတထရမ့်နဲ့ မစ္စတာ ကင်ဂျုံအွန်းတို့ လက်မှတ်ရေးထိုးခဲ့တဲ့ ထုတ်ပြန်ချက်ဟာ တမျက်နှာခွဲရှိပြီး နျူကလီးယား လက်နက် စွန့်လွတ်မယ်ဆိုရင် မြောက်ကိုရီးယားရဲ့လုံခြုံရေးကို အာမခံတဲ့အကြောင်း အမေရိကန်က ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကို ဘယ်လို အောင်မြင်အောင် ဆောင်ရွက်မလဲ ဘယ်လို အတည်ပြုမလဲဆိုတာ မပါဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယား ပူဆန်အမျိုးသား တက္ကသိုလ်က နိုင်ငံရေး လေ့လာသူ ရောဘတ် ကယ်လီကတော့ သမ္မတထရမ့်နဲ့ မစ္စတာ ကင်တို့ လက်မှတ်ရေး ထိုးထားတဲ့ သဘောတူညီချက်ဟာ ၁၉၉၃ ခုနှစ်က အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ လက်မှတ်ထိုး ထားတာနဲ့ အတူတူပဲလို့ ပြောပါတယ်။

လာမယ့် သတင်းပတ်တွေထဲမှာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ထပ်မံ ဆွေးနွေး သွားဖို့လည်း ရှိနေပါတယ်။