ပေါင်တစ်သိန်း ကျော်တန် Hermes Birkin အိတ် အဟောင်း

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပေါင် ၁၆၂၅၀၀ နဲ့ ရောင်းချ ခဲ့ရတဲ့ အတွက် ဥရောပ ရဲ့ လေလံ ရောင်းချ ရမှု တွေ အတွင်း ဈေးအကြီးဆုံး အိတ် အဖြစ် မှတ်တမ်းဝင်

လန်ဒန် က လေလံပွဲ တခုမှာ အသုံးပြုပြီးသား Hermes Birkin တလုံး ကို ပေါင် ၁၆၂၅၀၀ နဲ့ ရောင်းချ ခဲ့ရတဲ့ အတွက် ဥရောပ ရဲ့ လေလံ ရောင်းချ ရမှု တွေ အတွင်း ဈေးအကြီးဆုံး အိတ် အဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။

၂၀၀၈ ခုနှစ်ထုတ် Himalaya Birkin အမျိုးအစား ဟာ ၁၈ ကာရက် ရွှေဖြူ နဲ့ စိန်ရောင် သန်း တဲ့ အိတ်ကို လေလံပွဲမှာ ကြမ်းခင်းဈေး ပေါင်တစ်သိန်း ကနေ တစ်သိန်း ခွဲ နဲ့ စတင် ရောင်းချ ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း ဟောင်ကောင်က လေလံတင်ပွဲ တစ်ခုမှာ အဲမက်စ် အိတ်တစ်လုံး ဟာ ပေါင် နှစ်သိန်းခွဲ ကျော် နဲ့ ရောင်းချ ခဲ့ရဖူးပါတယ်။

အဲမက်စ် အိတ်တွေက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဆိုတာ အငြင်းပွားဖွယ်ရာ မရှိဘူးလို့ လေလံတင် ရောင်းချခဲ့တဲ့ ခရစ်စတီ ကုမ္ပဏီ က ပြောပါတယ်။

ဒါက ဥရောပ လေလံပွဲတွေမှာ ပထမဦးဆုံး အနေနဲ့ အမျိုးသမီးကိုင် အိတ်တွေကို စတင်ရောင်းချ တာ ဖြစ်တယ်လို့ ဥရောပ လေလံပစ်သူများ အဖွဲ့ ဒါရိုက်တာ မက်သရူး ရူဘင်ဂါ က ဆိုပါတယ်။

ဆယ်နှစ်သက်တမ်း ရှိပြီး မိကျောင်းသားနဲ့ ချုပ်ထားတဲ့ အဲမက်စ် အိတ်ဟာ အပြစ်အနာအဆာ သိပ်မရှိဘူး လို့လည်း လေလံပွဲ ကိုရောက်ခဲ့သူ တစ်ဦး ပြန်ပြောင်း ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Christie's
Image caption ၁၈ ကာရက် ရွှေဖြူ နဲ့ စိန်ရောင် သန်း တဲ့ အိတ်ဟာ လေလံပွဲမှာ ကြမ်းခင်းဈေး ပေါင်တစ်သိန်း ကနေ တစ်သိန်း ခွဲ နဲ့ စတင် ရောင်းချ ခဲ့

အဲဒီအိတ်ဟာ ဘယ်သူ ပိုင်ခဲ့ပြီး လေလံတင် ပွဲမှာ ဘယ်သူက ဝယ်ယူ သွားခဲ့တယ် ဆိုတဲ့ အသေးစိတ် သတင်းအချက် အလက်ကိုတော့ ခရစ္စတီနာ အဖွဲ့က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ဒါ့အပြင် ဇွန်လ ၁၂ ရက်နေ့ က လန်ဒန်မှာ လုပ်တဲ့ လေလံတင်ရောင်းချ ပွဲ တစ်ခုထဲမှာပဲ ၂၀၀၆ ခုနှစ်ထုတ် အဲမက်စ် ဘာကင် အပြာရောင် အိတ် တစ်လုံးဟာ လည်း စတာလင်ပေါင် တစ်သိန်း နဲ့ ရောင်းချ ခဲ့ရပါတယ်။

အဲမက်စ် ဘာကင် အိတ်တွေကို ကင် ကဒါရှန်၊ ဗစ်တိုရီးယား ဘက်ခမ် နဲ့ စလင်း ဒီယွန် တို့လို နာမည်ကျော်တွေက ကိုင်ဆောင် ကြတာ ဖြစ်ပါတယ်။

အဲမက်စ် ဘာကင် တံဆိပ် အိတ် အသစ် တစ်လုံးဟာ အနည်းဆုံး ပေါင် ၇၀၀၀ လောက် တန်ကြေး ရှိပြီး လွယ်လင့်တကူ ဝယ်ယူလို့ မရဘူးလို့လည်း ဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မာရီယာ ကာရေး၊ တာမာရာ အဲလက်စတုန်း၊ ကိုးလ် ကဒါရှန်တို့ဟာလည်း အဲမက်စ် အိတ်ကို ကိုင်ကျပါတယ်။

ဝယ်ယူချင်သူဟာ အရင်ဆုံး စာရင်းပေးကြရပြီး၊ အချိန်အတော်ကြာ စောင့်ဆိုင်း ရပါတယ်။ အဲမက်စ် ဖက်ရှင် ဒီဇိုင်း ကို ပြင်သစ် နိုင်ငံမှာ စတင် တည်ထောင် ခဲ့တာ ဖြစ်ပြီး ၁၉၈၁ ခုနှစ်မှာတော့ ဘာကင် ဆိုပြီး နာမည်ကျော် ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဂျိမ်းစ် ဘာကင် နဲ့ အဲမက်စ် အိတ်တွေကို ဒီဇိုင်း တီထွင် ဖန်တီး သူ တို့ လေယာဉ် ခရီးစဉ် တစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး သူ့အိတ် တွေ အတွက် သရုပ်ဆောင် ကြော်ငြာ ပေးဖို့ ကမ်းလှမ်းရာ ကနေ ဘာကင် ရဲ့ နောက်ဆုံး နာမည် ကို ပါ ကုမ္ပဏီ ကအသုံးပြု ခွင့်ပေးဖို့ တောင်းခံ ခဲ့တာ ဖြစ်ပါတယ်။

သူ့ အနေနဲ့ ဒီလို အိတ်တွေကို ကြော်ငြာပြီး နောက်ဆုံး နာမည် ကိုပါ အသုံးပြု ခွင့် ပေးဖို့ တောင်းခံ ခံခဲ့ရတဲ့ အတွက် အသက်ရှု ရပ်တန့်သွားရလောက် အောင် အံ့ဩ ခဲ့ရတယ်လို့ ဂျိမ်းစ် ဘာကင် က နောက်ပိုင်းမှာ ပြန်လည် ဖွင့်ဟ ပြောပြ သွားခဲ့ပါတယ်။