နျူလက်နက်ဖျက်သိမ်းရေး ကာလအပိုင်းအခြား ဘယ်တော့လဲ

Image caption ဆိုးလ်မှာရောက်နေတဲ့ ပွန်ပေအို

မြောက်ကိုရီးယား ဘက်က နျူကလီယာလက်နက် ဖျက်သိမ်းရေး အစီအစဉ်တွေကို လာမယ့် ၂ဝ၂ဝ ပြည့်နှစ် အကုန်ကျရင် တော်တော်များများ လုပ်ဆောင်ပြီးနှင့်တာကို တွေ့ရဖို့ အမေရိကန်က မျှော်လင့်ထားတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပေအိုက ပြောပါတယ်။

မစ္စတာ ပွန်ပေအိုဟာ အခု တောင်ကိုရီးယား နိုင်ငံမှာ ရောက်နေပါတယ်။

တောင်ကိုရီးယားနဲ့ ပူးတွဲ ပြုလုပ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေကို အမေရိကန်က ရပ်နား ထားမယ်လို့ စင်္ကာပူ ထိပ်သီး ဆွေးနွေးပွဲ အပြီး သမ္မတ ထရမ့် ကြေညာ ခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေရိကန် အနေနဲ့ တောင်ကိုရီးယားနဲ့ မဟာမိတ် ဆက်ဆံရေးကို ပစ်ပယ်တာ မဟုတ်ကြောင်း ပြသနိုင်ဖို့ အတွက် ထိပ်သီးဆွေးနွေးပွဲ အပြီး နောက်တစ်ရက်မှာပဲ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပွန်ပေအို တောင်ကိုရီးယားကို သွားပြီး သမ္မတ မွန်ဂျေအင်းနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။

စင်္ကာပူ ထိပ်သီးဆွေးနွေးပွဲရဲ့ ရလဒ်တွေအကြောင်း သမ္မတ မွန်ဂျေအင်းနဲ့ ဝန်ကြီး ပွန်ပေအို သုံးသပ် ဆွေးနွေးခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကန် မြောက်ကိုရီးယား ဆွေးနွေးပွဲ အောင်မြင်လို့ နှစ်ဘက်စလုံးပြော

မြောက်ကိုရီးယားနဲ့ကြား ဆက်လက် ညှိနှိုင်း လုပ်ဆောင်ရမှာတွေ အများကြီး ရှိနေ သေးတယ်လို့ ဝန်ကြီး ပွန်ပေအိုက ပြောရင်းမှာပဲ လာမယ့် ၂ နှစ်ခွဲ အတွင်းမှာတော့ မြောက်ကိုရီးယား အနေနဲ့ နျူကလီယာ လက်နက်တွေ ပမာဏ အများအပြား ဖျက်သိမ်းနှင့်ပြီး ဖြစ်တာ တွေ့မြင်ချင်တယ်လို့ ဆိုပါတယ်။

နျူကလီယာ အစီအစဉ် ဖျက်သိမ်းတဲ့ လုပ်ငန်းစဉ် အပေါ် နိုင်ငံတကာကို ဆန်းစစ်ခွင့် ပေးရမယ် ဆိုတဲ့ အချက် အပေါ်မှာလည်း မြောက်ကိုရီးယားဘက်က နားလည်သဘောပေါက် ထားကြောင်း သူ့အနေနဲ့ ယုံကြည်တယ်လို့ မစ္စတာ ပွန်ပေအိုက ပြောပါတယ်။

Image caption စစ်ရေးလေ့ကျင့်ခန်းတွေကိုပါ ရပ်နားမယ်ဆိုပြီး မထင်မှတ်ပဲ ကြေညာ

ထရမ့်နဲ့ ကင်မ်ဂျုံအွန်းတို့ လက်မှတ် ရေးထိုးခဲ့တဲ့ သဘောတူ ကြေညာချက်ကို ကြည့်ရင် ကိုရီးယား ကျွန်းဆွယ်ပေါ် နျူကလီယာ ဖျက်သိမ်းရေး အပြည့်အဝ လုပ်ဆောင်ရမယ် ဆိုတဲ့ အချက် ပါဝင်တာ တွေ့ရပေမယ့်၊ မြောက်ကိုရီးယားဘက်က ဘယ်အချိန်မှာ ဘယ်လိုဘယ်ပုံ နျူကလီယာ လက်နက်တွေ စွန့်လွှတ်မှာလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ထည့်သွင်းထားတာ မရှိပါဘူး။

ထရမ့်ကတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ရင် နျူကလီယာ လက်နက် အန္တရာယ် ဆိုတာ မရှိတော့တာကြောင့် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမယ်လို့ ပြောတဲ့အပြင် တောင်ကိုရီးယားနဲ့ ပူးတွဲပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကိုပါ ရပ်နားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရ ရုပ်မြင်သံကြားကလည်း စင်္ကာပူ ထိပ်သီး ဆွေးနွေးပွဲ အကြောင်း သတင်း ကြေညာတဲ့ အခါ ပိတ်ဆို့မှုတွေ ရုပ်မယ်၊ စစ်ရေးလေ့ကျင့်ခန်း ရပ်မယ် ဆိုတဲ့ ထရမ့်စကားကိုပဲ မီးမောင်းထိုး ပြောဆိုသွားတာ တွေ့ရပါတယ်။

ပုံမှန်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နွေဦးပေါက်နဲ့ ဆောင်းဦး ကာလတွေမှာ တစ်နှစ်ကို နှစ်ကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွေ လုပ်ဆောင်ကြပါတယ်။

စစ်သည် အင်အား အများအပြား၊ စစ်လက်နက် ပစ္စည်း အစုံအလင်နဲ့ ကြည်း၊ရေ၊လေ လေ့ကျင့်ခန်းတွေ အကြီးအကျယ် ပြုလုပ်ကြတာပါ။

Image caption တစ်နှစ်ကို နှစ်ကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွေ လုပ်ဆောင်
Image caption ကြည်း၊ရေ၊လေ လေ့ကျင့်ခန်းတွေ အကြီးအကျယ် ပြုလုပ်
Image caption အာရှတိုက်ထဲ အမေရိကန် စစ်အခြေစိုက် စခန်းတွေ ရှိနေတာကို မြောက်ကိုရီးယား မလိုလား

ဒီ အပြုအမူ အပေါ် မြောက်ကိုရီးယားကတော့ မီးပုံပေါ် ဓာတ်ဆီလောင်းတဲ့ အပြုအမူ ဆိုပြီး ရှုတ်ချ ပြစ်တင်လေ့ ရှိခဲ့ပြီး နျူကလီယာ စစ်ပွဲထိ ဖြစ်လာနိုင်တယ်လို့ အမြဲပဲ သတိ ပေးနေ ခဲ့ပါတယ်။

အမေရိကန်နဲ့ဂျပန် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွေလည်း နှစ်စဉ် ရှိနေတဲ့ အပြင်၊ ဂျပန်အပါအဝင် အာရှတိုက်ရဲ့ ဒေသတချို့မှာ အမေရိကန်ရဲ့ စစ်အခြေစိုက် စခန်းတွေ ရှိနေတာကိုလည်း မြောက်ကိုရီးယားက မလိုလားပါဘူး။

ဒီလို စစ်ရေး လေ့ကျင့်ခန်းတွေဟာ မလိုအပ်တဲ့ ရန်လိုမှု အသွင်ဆောင်နေပြီး ပြုံယမ်း အစိုးရနဲ့ကြား တင်းမာမှု လျှော့ချရေးကိုလည်း အခက်တွေ့နေစေတယ် ဆိုပြီး ဝေဖန်ထောက်ပြသံတွေလည်း အစဉ်အဆက် ရှိနေခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမိုင်းတလျှောက် ကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး