ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အကြီးအကဲ ကို ထောင်ထဲပို့

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption သမ္မတထရန့်ကတော့ တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အလွန်မမျှတတဲ့ ဆုံးဖြတ်မှုဖြစ်လို့ ထောက်ပြ

ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်အောင်နိုင်ရေး မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပေါလ်မန်းနဲဖော့တ်ရဲ့ အာမခံဟာ ရုပ်သိမ်းခံခဲ့ရပြီး အချုပ်နဲ့ ထောင်မှာသွားနေဖို့ ဝါရှင်တန်ဒီစီက တရားသူကြီးတဦးက ဆုံးဖြတ်လိုက်ပါတယ်။

သူဟာ အာမခံနဲ့ နေစဉ်ကာလအတွင်း သက်သေအဖြစ်ထွက်မဲ့သူတွေအပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ရွေးကောက်ပွဲ ရုရှားဝင်ရောက် စွက်ဖက်မှု လေ့လာစိစစ်ရေးအဖွဲ့ခေါင်းဆောင် ရောဘတ်မူလာကတော့ သူ့အနေနဲ့ သက်သေဖြစ်ဖို့ အလားအလာရှိတဲ့ သူတွေကို မလျော်သြဇာသုံးခဲ့တဲ့အပြင် သူ့ရဲ့ မိုဘိုင်းဖုန်းထဲက အချက်အလက်မှတ်ထမ်းတွေကိုလည်း ပြောင်းခဲ့ကာ အာမခံရယူထားမှုအပေါ် ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

နောက်စက်တာဘာလ ရုံးချိန်းအထိ သူဟာထောင်ထဲမှာ နေရတော့မှာဖြစ်ပါတယ်။

သူဟာ အခွန်တိမ်းရှောင်မှု ၊ ငွေကြေးခဝါချမှု ၊ လိမ်လည်မှုတွေ စတဲ့ စွဲချင်တင်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

မန်းနဲဖော့တ်ဟာ ယုံကြည်မှုနဲ့ ပေးထားချက်ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ အမေရိကန် တရားသူကြီးတဦးဖြစ်တဲ့ အေမီဘားမန်းကလည်း ပြောပါတယ်။

သမ္မတထရမ့်ကတော့ တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အလွန်မမျှတတဲ့ ဆုံးဖြတ်မှုဖြစ်ကာ မန်းနဲဖော့တ်ကို စစ်ဆေးစီရင်နေမှုဟာ မပြီးဆုံးသေးဘူးလို့လည်း ထောက်ပြပါတယ်။

သမ္မတထရမ့်ရဲ့ ရှေ့နေ ဂွီလာနီကတော့ နောက်အပတ်မှာ ပြုလုပ်မယ့် ထရားခွင်မှာ ထွက်ဆိုရမယ့် သမ္မတထရမ့်အတွက် ဒါဟာ အခွင့်အလမ်းကောင်းတခုဖြစ်တယ်လို့ ပြောပါတယ်။

နယူးယောခ့်မြို့တော်ဝန်ကတော့ သမ္မတထရမ့်အနေနဲ့ အဲဒီတရားစီရင်စစ်ဆေးမှုမှာ သွားရောက်ဖြေဆိုစရာ အကြောင်းမရှိသလို မသွားသင့်ဘူးလို့ ပြောပါတယ်။

အခုလို သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးဆိုင်ရာ အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦးကို တရားစွဲဆိုပြီး အမိန့်မချမှတ်ခင် ထောင်ထဲထည့်လိုက်မှုအပေါ် အထူးစစ်ဆေးရေးကောင်စီအနေနဲ့ ရွေးကောက်ပွဲမှာ ရုရှား ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို အတည်ပြုနိုင်ဖို့ ဖိအားပေးလိုက်တာ ဖြစ်တယ်ဆိုပြီး ရှူမြင်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ