တော်ဝင်ပိုင်ဆိုင်မှုတွေကို ထိုင်းဘုရင်ရဲ့ အမည်ပေါက်ပြောင်း

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့ တော်ဝင် ပိုင်ဆိုင်မှု ဥပဒေ အပြောင်းအလဲ တခုအရ တော်ဝင်ပိုင်ဆိုင်မှု ရုံးအဖွဲ့ ကို ထိုင်းဘုရင်က ထိန်းချုပ်ခွင့် ရထား

ထိုင်းဘုရင် မဟာ ဝချီရာ လောင်ကွန်းအတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ ဖိုး အထိ ရှိနိုင်မယ့် ထိုင်းတော်ဝင် မိသားစုပိုင် ပစ္စည်းတွေကို သူ့ရဲ့ နာမည်နဲ့ အပြည့်အဝ ပိုင်ဆိုင် ခန့်ခွဲခွင့် ရှိမယ့် ကြေညာချက် တခု တော်ဝင်ပိုင်ဆိုင်မှု ရုံးအဖွဲ့ Crown Property Bureau က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ရုံးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ထိုင်းဘုရင်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အတွက် သာမန် ထိုင်းနိုင်ငံသားတွေ နည်းတူ အခွန် ပေးဆောင်မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းဘုရင်သစ် ဝချီရာလောင်ကွန်း

ယခင် ရုံးအဖွဲ့ရဲ့ နာမည်နဲ့ ရှိစဉ်မှာတော့ တော်ဝင်ပိုင်ဆိုင်မှုတွေအတွက် အခွန်ကင်းလွတ်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဒီ ပိုင်ဆိုင်မှုတွေကို ထိုင်းဘုရင်က စီမံ ခန့်ခွဲရာမှာ ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်မှာဖြစ်ပြီး စစ်ဆေးကြည့်ရှုခွင့်လည်း ပေးမှာ ဖြစ်တယ်လို့ တော်ဝင် ပိုင်ဆိုင်မှု ရုံးအဖွဲ့က ဆိုပါတယ်။

အစဉ်အလာအားဖြင့် ထိုင်းတော်ဝင် မိသားစုပိုင် ပစ္စည်းတွေကို တော်ဝင်အမိန်နဲ့ခန့်သူ ဒါရိုက်တာ အနည်းဆုံး လေးဦးနဲ့ ဘဏ္ဍာရေးဝန်ကြီးပါဝင်တဲ့ တော်ဝင်ပိုင်ဆိုင်မှု ရုံးအဖွဲ့က အဖွဲ့ထူထောင်တဲ့ ၁၉၃၈ ခုနှစ် ကတည်းက ခန့်ခွဲလာတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် တော်ဝင် ပိုင်ဆိုင်မှု ဥပဒေ အပြောင်းအလဲ တခုအရ ဒီ ရုံးအဖွဲ့ကို ထိုင်းဘုရင်က ထိန်းချုပ်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တော်ဝင်ပိုင်ဆိုင်မှု ရုံးအဖွဲ့ရဲ့ ပိုင်ဆိုင်မှု တန်ဖိုး အတိအကျကို ထုတ်ပြန်ထားတာ မရှိပေမယ့် ၂၀၁၂ ခုနှစ်မှာ အမေရိကန်က ဖို့ဘ်စ် စီးပွားရေး မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ အဆောက်အအုံ မြေနေရာတွေနဲ့ တခြား ရင်းနှီးမြုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ ကျော်မယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လက်ရှိ ဘုရင် မဟာ ဝချီရာ လောင်ကွန်းဟာ ၁၉၇၂ ခုနှစ်ထဲက ထီးနန်းဆက်ခံမယ့် အိမ်ရှေ့မင်းသားဖြစ်ခဲ့

ရိုက်တာ သတင်းဌာနရဲ့ သတင်းပေးပို့ချက်မှာတော့ စတော့ ဈေးကွက် စာရင်းဇယားတွေအရ ထိုင်းဘုရင် မဟာ ဝချီရာ လောင်ကွန်းဟာ ပြီးခဲ့တဲ့ မတ်လမှာလည်း ထိုင်း ဘိလပ်မြေ အုပ်စု ကုမ္ပဏီ Siam Cement Group Public Company Limited မှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖိုး ရှယ်ယာ ထည့်ခဲ့ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း ထိုင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် Siam Commercial Bank ရဲ့ ဒေါ်လာ သန်း ၅၀ဝ ဖိုး ရှယ်ယာတွေ ထိုင်းဘုရင်ဆီကို လွှဲပြောင်းထားတာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နှစ် ၇၀ ကျော် ထိုင်း ထီးနန်းကို အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ ဖခင် ဖြစ်သူ ဘုရင် ဘူမိဘော အဒူလျာဒက် ၂၀၁၆ အောက်တိုဘာလအတွင်း ကွယ်လွန် အပြီးမှာ လက်ရှိ ထိုင်းဘုရင် မဟာ ဝချီရာ လောင်ကွန်းက အသက် ၆၅ နှစ် အရွယ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ထီးနန်း ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းဘုရင် ဘူမိဘော နတ်ရွာစံ

ဆက်စပ် အကြောင်းအရာများ