ကမ္ဘောဒီးယားမင်းသားရဲ့ ဇနီး ကားမှောက် ကွယ်လွန်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အသက် ၇၄ နှစ်အရွယ် တော်ဝင်မင်းသား ရာနာရစ်ဒ် ဒဏ်ရာပဲ ရခဲ့ပေမယ့် အသက် ၃၉ နှစ် အရွယ် ဇနီးဖြစ်သူ အွတ် ဖာလာ ကွယ်လွန်

ကမ္ဘောဒီးယား တော်ဝင်မင်းသား နိုရိုဒွန် ရာနာရစ်ဒ်ဟာ သူထောင်ထားတဲ့ နိုင်ငံရေးပါတီအတွက် နောက်လ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ခရီးစဉ် တခုအတွင်း ယာဉ်မတော်တဆ ဖြစ်မှု ကြုံခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူ အွတ် ဖာလာ ကွယ်လွန်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အဲဒီ ယာဉ်တိုက်မှုမှာ အငှားယာဉ်တစီးနဲ့ ခေါင်းချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် အွတ် ဖာလာ ဆေးရုံရောက်ပြီး နာရီပိုင်းကြာမှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီယာဉ်တိုက်မှုမှာ တော်ဝင်မင်းသား အပါအဝင် လူ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သတင်းပေးပို့မှု ရှိပါတယ်။

လက်ရှိ ယာဉ်တိုက်မှုမှာ ဒဏ်ရာရခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် တော်ဝင်မင်းသား ရာနာရစ်ဒ်ဟာ လက်ရှိ ကမ္ဗောဒီးယားဘုရင် နိုရိုဒွန် သီဟမုနိနဲ့ ဖအေတူ မအေကွဲ ညီအကို ဖြစ်ပြီး ၁၉၉၀ ပြည့်နောက်ပိုင်းကာလက ကမ္ဘောဒီးယား ဝန်ကြီးချုပ် လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တော်ဝင်မင်းသား ရာနာရစ်ဒ်ဟာ လက်ရှိ ကမ္ဗောဒီးယားဘုရင် နိုရိုဒွန် သီဟမုနိနဲ့ ဖအေတူ မအေကွဲ ညီအကို ဖြစ်

မင်းသား ရာနာ ရစ်ဒ်ဟာ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဖြစ်သူ ဟွန်ဆန်နဲ့ ၁၉၉၃ ကနေ ၁၉၉၇ အထိ ပူးတွဲ ဝန်ကြီးချုပ် လုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်က အာဏာသိမ်းမှုကြောင့် ထွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၅ မှာတော့ ဟွန်ဆန်နဲ့ တွေ့ဆုံ ညှိနှိုင်းပြီး မင်းသား ရာနာရစ်ဒ်က နိုင်ငံရေး လောကထဲကို ပြန်ဝင်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘောဒီးယား နိုင်ငံရေး အခြေအနေမှာတော့ အဓိက အတိုက်အခံပါတီ ဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယား နိုင်ငံတော် ကယ်တင်ရေး ပါတီ CNRP ဟာ ပြီးခဲ့တဲ့နှစ်က အစိုးရရဲ့ ဖျက်သိမ်းခြင်း ခံရပြီး ခေါင်းဆောင် ခမ်ဆွတ်ခါ ကိုလည်း နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က ဖမ်းဆီးထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က ဖမ်းဆီးထားတဲ့ CNRP ပါတီခေါင်းဆောင် ခမ်ဆွတ်ခါ

CNRP ဖျက်သိမ်းခံရအပြီးမှာ အဲဒီပါတီရဲ့ အမတ်နေရာ အများစုကို မင်းသား ရာနာရစ်ဒ်ရဲ့ ဖွန်ဆွန်ပိုက် လို့ခေါ်တဲ့ လွတ်လပ်ပြီး ဘက်မလိုက်ပဲ ငြိမ်းငြိမ်းချမ်းချမ်း ပူးပေါင်း ဆောင်ရွက်မှု ရှိတဲ့ ကမ္ဘောဒီးယားအတွက် အမျိုးသား တပ်ဦး ပါတီ (FUNCINPEC) က ရရှိခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ နိုင်ငံကို ၃၃ နှစ် တိုင်တိုင် အုပ်ချုပ်လာတာ ဖြစ်သလို အတိုက်အခံတွေကို တရားရေးစနစ်နဲ့ လုံခြုံရေး တပ်ဖွဲ့ကို အသုံးပြု နှိပ်ကွပ် ဖြိုခွင်းလေ့ရှိတယ်ဆိုပြီး တောက်လျှောက် စွပ်စွဲခံနေရသူလည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ သဘောထား ကောက်ခံမှုတွေ ရရှိနေတဲ့ အငြင်းပွားစရာ ရွေးကောက်ပွဲလည်း ဖြစ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ