အိုဆာကာမှာ အင်အားပြင်းငလျင်လှုပ် ၃ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် EPA
Image caption အိုဆာကာမှာ အင်အားပြင်းငလျင်လှုပ် ၃ ဦးသေဆုံး

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အနည်းဆုံး သေဆုံးသူ ၃ ဦးရှိပြီး လူ ၂ဝဝ ကျော် ထိခိုက် ဒဏ်ရာ ရသွားပါတယ်။

လေဆိပ်တွေ နာရီအတန်ကြာ ပိတ်ထား ခဲ့ရပြီး ရထား လိုင်းတွေ အပါအဝင် ပို့ဆောင် ဆက်သွယ်ရေးတွေ နှောင့်နှေး ခဲ့ရသလို စက်ရုံတွေလည်း ရပ်နား ထားခဲ့ရပါတယ်။

လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ပမာဏ ၆.၁ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အိုဆာကာမှာ အင်အားပြင်းငလျင်လှုပ် ၃ ဦးသေဆုံး

ဆူနာမီ သတိပေးမှုမျိုးတော့ မပေါ်ထွက်ခဲ့သလို ဒေသတွင်းမှာ ရှိတဲ့ နျူကလီယာ ဓာတ်အားပေး စက်ရုံတွေလည်း ပုံမှန်အတိုင်းပဲ လည်ပတ် ခဲ့ပါတယ်။

ဂျပန်ဟာ ငလျင်ဒဏ် အခံရဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်မှာ လှုပ်ခတ်သမျှ ပြင်းအား ၆ နဲ့ အထက် ငလျင်တွေရဲ့ ၂ဝ ရာခိုင်နှုန်းဟာ ဂျပန်မှာ လှုပ်တာ ဖြစ်ပါတယ်။

အခု အိုဆာကာ ငလျင်ဟာ ဒေသ စံချိန် ၈ နာရီ မထိုးခင်လေးမှာ လှုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အိုဆာကာမှာ အင်အားပြင်းငလျင်လှုပ် ၃ ဦးသေဆုံး

ငလျင်လှုပ်ခတ်ချိန်ဟာ ရုံးတက်ချိန်ဖြစ်လို့ လူတစ်ချို့ဟာ ဓာတ်လှေကားတွေထဲ ပိတ်မိနေသလို၊ လမ်းတွေလည်း ပျက်စီးပြီး ရေပိုက်တွေ ကျိုးုပြတ်တာကြောင့် လမ်းမပေါ်တွေမှာ ရေတွေလျှံကျနေတယ်လို့လည်း ဆိုပါတယ်။

ငလျင်လှုပ်ခတ်ခဲ့အပြီး အိုဆာကာမှာရှိတဲ့ လူနေအိမ် ၂ သိန်းနီးပါးဟာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး၊ ကျန်နေအိမ် ၁ သိန်းကျော်ဟာ ဂတ်စ်တွေ ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။ အခုလှုပ်ခဲ့တဲ့ ငလျင်ဟာ အင်အားပြင်းငလျင် တစ်ခုဖြစ်လို့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နိုင်တယ်လို့လည်း ဂျပန်မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားတယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ