သေနတ်ပစ်ခတ်ခံရလို့ အဆိုတော် သေဆုံး

ဓာတ်ပုံ မူပိုင် Getty Images
Image caption သူ့အလောင်းကို ကားပေါ်မှာ ပုံလျက်သားတွေ့ခဲ့ရတယ်

လတ်တလောကာလတွေအတွင်း လျင်လျင်မြန်မြန် ကျော်ကြားလာနေတဲ့ အမေရိကန် ရပ်ပါတဦးဖြစ်တဲ့ XXXTentacion ဟာ အသက် ၂၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

တောင်ဖလော်ရီဒါမှာ ရှိတဲ့ မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းတခုကနေ အပြန် ပြီးခဲ့တဲ့ တနလာၤနေ့က သံသယဖြစ်စရာ သေနတ်သမားတဦးက သေဆုံးခဲ့ရတာဖြစ်ပါတယ်။

နာမည်ရင်း ဂျာဆေး အွန်ဖရိုင်းလို့ ခေါ်တဲ့ အဆိုတော် XXXTentacion ရဲ့ အလောင်းကို ဆေးရုံကို ယူသွားခဲ့ပြီး သေဆုံးခဲ့ပြီဖြစ်တယ်လို့ ဘရွန်းဝေါ့တ် ကောင်တီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သူ့ဟာ မကြာခဏဆိုသလို အငြင်းပွားဖွယ်ကိစ္စတွေအတွက် ထုတ်ဖော်ပြောဆိုလေ့ရှိသူဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ တရားစွဲဆိုမှုနဲ့လည်း ရင်ဆိုင်နေရတာပါ။

လူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်မှုဆိုင်ရာ အယူအဆကွဲပြားတဲ့ ရပ်ပါဟာ ဝက်ဆိုင်မှာ သီချင်းတွေတင်ရင်း ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့သူဖြစ်ပြီး သူ့ကို အကြီးအကျယ်ချီးကျူးခဲ့ကြတဲ့ ဟစ်ဟော့ အသိုင်းအဝိုင်းကလည်း သူ့ရဲ့ သေဆုံးမှုကြောင့် မှင်တက်အံ့သြတုန်လှုပ်စရာဖြစ်ခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့နေ့ ညနေ ၄ နာရီမှာ မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်းကနေ ထွက်ခွာခဲ့တဲ့ အွန်ဖရိုင်းဟာ အဲဒီအချိန်မှာပဲ သံသယဖြစ်စရာ သေနတ်သမား နှစ်ဦးက ချဉ်းကပ် ခဲ့တာ ဖြစ်ဖွယ် ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မီယာမီရဲ့ မြောက်ဘက် ၆၉ ကီလိုမီတာဝေးတဲ့ ဒီးယားဖီလ်းကမ်းခြေအရောက်မှာ အဲဒီထဲက တဦးက သူ့ကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ ဓါးပြတိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုမှာတော့ အွန်ဖရိုင်းဟာ သူ့ရဲ့ကားထဲမှာ ပုံလျက်သား လဲကျနေတာတွေ့ရပါတယ်။

ဆိုင်ကယ်ရုံးဝယ်ရေးလုပ်ငန်းရဲ့ အပြင်ဘက်မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်သံတွေကို ရှင်းရှင်းလင်းလင်း ကြားနေရတယ်လို့ သက်သေတဦးက ဒေသတွင်း သတင်းဝက်ဆိုဒ်တခုကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ