နှစ်စက္ကန့်တိုင်း လူတစ်ယောက် အိုးအိမ်တွေ စွန့်ခွာရလို့ ကုလပြော

ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Reuters

ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ စစ်မက်တွေ၊ အကြမ်းဖက် ဖြစ်ရပ်တွေ၊ သက်ဆိုင်ရာ အစိုးရတွေရဲ့ ပစ်မှတ်ထား ခံရမှုတွေကြောင့် နှစ် စက္ကန့် ဆိုတဲ့ အချိန်တိုင်း အတွင်းမှာကို လူတစ်ယောက်နှုန်း မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး နေကြရပြီး၊ ဒုက္ခသည်ဘဝ သက်ဆင်း နေရတယ်လို့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)ရဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

၂ဝ၁၇ တစ်နှစ်ထဲမှာတင် လူပေါင်း ၁၆.၂ သန်း ထွက်ပြေးခဲ့ကြရတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ၂ဝ၁၇ အကုန်မှာ တကမ္ဘာလုံး အနှံ့ ဒုက္ခသည် ၆၈.၅ သန်းကျော် ရှိလာပါတယ်။

ကမ္ဘာ့ နေရာ အနှံ့ ဖြစ်ပေါ်နေတဲ့ ဒုက္ခသည် ပြဿနာတွေ အပေါ် လူအများ သတိထားမိ လာအောင် ရည်ရွယ်ပြီး ၊ အကူအညီပေးရေးတွေမှာ ပါဝင် လာဖို့ အတွက် ဒီကနေ့ ဇွန်လ ၂ဝ ရက်နေ့ကို ကမ္ဘာ့ ဒုက္ခသည်များနေ့၊ World Refugee Day အဖြစ် ကုလသမဂ္ဂက သတ်မှတ် ထားပါတယ်။

အခုအချိန်မှာ ဥရောပ နိုင်ငံတွေကိုကြည့်ရင် ရွှေ့ပြောင်း ဝင်ရောက်သူတွေ အရေး ကိုင်တွယ် ဖြေရှင်း နေရချိန် ဖြစ်ပြီး၊ သူတို့ကို လက်ခံ နေရာ ချထား မလား၊ ကိုယ့်နယ်စပ်တွေကိုပဲ ပိတ်ထားမလား၊ ဝင်လာသူတွေကို မူရင်း နိုင်ငံတွေဆီ ပြန်ပို့ ရမလားဆိုတဲ့ အကြပ်အတည်းကို ဖြေရှင်း နေရပြီး မူဝါဒ ခိုင်ခိုင်မာမာ ချမှတ်နိုင်ဖို့ ကြိုးစား နေရပါတယ်။

ဒုက္ခသည် ပြဿနာ ဖြေရှင်းဖို့ ဆိုပြီး အတင်းအကြပ် အိမ်ပြန်ပို့လို့ မဖြစ်နိုင်တဲ့ ဒုက္ခသည်တွေ ရှိနေတယ်လို့ UNHCR မဟာမင်းကြီး ဖလိပို ဂရန်ဒီက ဒုက္ခသည်တွေထဲမှာ အိမ်ပြန်လို့ မရနိုင်တဲ့ သူတွေ ရှိနေတာကြောင့် သူတို့ကို အတင်းအကြပ် ပြန်လွှတ်မယ်ဆိုရင် သူတို့အတွက် အသက် အန္တရာယ် ရှိနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒီလို ဒုက္ခသည် အမျိုးအစားတွေ ရှိနေတာကို အသေအချာအလေးထားသင့်တယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, European Photopress Agency

စစ်ဒဏ်ကြောင့် ဒါမှမဟုတ် အစိုးရက ဖမ်းဆီးတာ ခံရနိုင်တဲ့ အန္တရာယ်ကြောင့် ထွက်ပြေး ကြရသူတွေကို ဒုက္ခသည်လို့ သတ်မှတ်ရမှာ ဖြစ်ပြီး၊ သူတို့ဟာ သာမန် ရွှေ့ပြောင်း ဝင်ရောက်သူတွေ စာရင်းထဲ ရောနှော ထည့်ပစ်လိုက်လို့ မရဘူးလို့လည်း မစ္စတာ ဂရန်ဒီက ဆိုပါတယ်။

စစ်ကြောင့်၊ အာဏာပိုင်တွေရဲ့ ရန်ကြောင့် ထွက်ပြေး ခဲ့ရသူတွေ တနည်းအားဖြင့် မစ္စတာ ဂရန်ဒီ ပြောသလို အိမ်ပြန်လို့ ရနိုင်ပြီလား ဆိုပြီး အသေ အချာ ဂရုတစိုက် ဆန်းစစ် သင့်တဲ့ ဒုက္ခသည် အရေအတွက် ၂၅ သန်းခွဲ နီးပါး ရှိတယ်လို့ UNHCR ရဲ့ စစ်တမ်းတွေက ပြောပါတယ်။

အဲဒီ ၂၅ သန်းခွဲထဲက ၅ ပုံ ၁ ပုံ ကျော်ကျော်ဟာ ကုလသမဂ္ဂရဲ့ အထောက်အပံ့ အကူအညီနဲ့ နေနေကြရတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေ ဖြစ်ပါတယ်။

ကျန်တဲ့သူတွေထဲက ၃ ပုံ ၂ ပုံ ကို ကြည့်ရင် မူရင်း ထွက်ပြေးလာကြရတဲ့ နိုင်ငံတွေဟာ ၅ နိုင်ငံ ဖြစ်ပြီး၊ အဲဒီ အထဲ မြန်မာနိုင်ငံလည်း ပါဝင် နေတာ ဖြစ်ပါတယ်။ ဆီးရီးယား၊ အာဖဂန် နစ္စတန်၊ တောင်ဆူဒန်၊ မြန်မာနဲ့ ဆိုမာလီယာနိုင်ငံတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးမှာလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရယူထားတဲ့ သဘောတူမှုမှာ မိမိ သဘောဆန္ဒအတိုင်း ဘေးကင်း လုံခြုံစွာ ပြန်လာနိုင်ရေး ဆိုတဲ့ အချက်ကို ထည့်သွင်း ထားတာ တွေ့ရပါတယ်။

လက်ရှိ မြန်မာ အစိုးရရဲ့ အနေအထားကို ကြည့်ရင် ဒုက္ခသည် လက်ခံရေး အတွက် ကြိုဆိုရေး စခန်း ၂ ခုနဲ့ ကြားစခန်း ၁ ခု အသင့်ပြင်ထားတာ တွေ့ရပြီး၊ ဒုက္ခသည် လက်ခံရေး အစီအစဉ်နဲ့ ရခိုင်ပြည်နယ်တွင်း ရေရှည် ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ UNHCR အပါအဝင် ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တွေ ပူးပေါင်း ပါဝင်ဖို့လည်း သဘောတူထားပါတယ်။

လက်တွေ့မှာတော့ တရားဝင်ဖွင့်ထားတဲ့ စခန်းတွေကနေ တဆင့် ဒုက္ခသည်တွေ အစုလိုက် ပြန်ဝင် လာတာမျိုး မရှိသေးပါဘူး။

ရခိုင်ပြည်နယ် မြောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ တောင်းဆိုသံတွေ ဆက်တိုက် ရှိလာချိန်မှာပဲ၊ နိုင်ငံတကာက ပုဂ္ဂိုလ်တစ်ယောက် ပါဝင်တဲ့ စုံစမ်းရေး အဖွဲ့ ဖွဲ့မယ် ဆိုပြီး မြန်မာ အစိုးရက ကြေညာထား ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SENG MAI

ဓာတ်ပုံ ပုံစာ,

မြန်မာ အစိုးရ ရင်ဆိုင် နေရတဲ့ ဒုက္ခသည် အရေး ပြဿနာဟာ တစ်ဘက် နိုင်ငံရောက် ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး သာမက၊ ပြည်တွင်းက IDP တွေ နေရပ်ရင်း ပြန်လာ နိုင်ရေး ဆိုတဲ့ အရေးလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ် အကြပ်အတည်းတင်မက၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာလည်း ပြည်တွင်းစစ် ဆက်လက် ရှိနေတာကြောင့် IDP လို့ ခေါ်တဲ့ နိုင်ငံတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်လည်း ဆက်လက် တိုးမြင့်လာနေပါတယ်။

ဒါ့ကြောင့် မြန်မာ အစိုးရ ရင်ဆိုင် နေရတဲ့ ဒုက္ခသည် အရေး ပြဿနာဟာ တစ်ဘက် နိုင်ငံရောက် ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး သာမက၊ ပြည်တွင်းက IDP တွေ နေရပ်ရင်း ပြန်လာ နိုင်ရေး ဆိုတဲ့ အရေးလည်း ရှိနေပါတယ်။

နိုင်ငံတကာက တချို့ ဖြစ်ရပ်တွေမှာတော့ IDP တွေ နေရပ်ရင်း ပြန်လာတဲ့ အရေအတွက် အတော်အတန် တိုးလာတယ်လို့ ဆိုပေမယ့် ၊ အာဏာပိုင်တွေက အတင်းအကြပ် ပြန်ပို့တာမျိုး ဒါမှမဟုတ် တည်ငြိမ် အေးဆေးမှု အခြေအနေကို ရေရှည် ထိန်းမထားနိုင်တာမျိုးတွေ တွေ့နေရတယ်လို့ UNHCR ရဲ့ အစီရင် ခံစာထဲ သတိ ပေးထားပါတယ်။