အိုင်ဘီအမ် ကုမ္ပဏီက ထုတ်လုပ်တဲ့ အေအိုင် ခေါ်ဉာဏ်ရည်တုစက်ရုပ်ဟာ လူနဲ့အပြိုင် ငြင်းခုံခဲ့

Image caption မစ္စ အော်ဗတ်ဒီးယား နဲ့ ပရောဂျက် ဒီဘိတ်တာတို့ စကားပြိုင် အနိုင်လု

အိုင်ဘီအမ် ကုမ္ပဏီက ထုတ်လုပ်တဲ့ အေအိုင် ခေါ်ဉာဏ်ရည်တုစက်ရုပ်ဟာ ဇွန်လ ၁၉ ရက်က လူနဲ့အပြိုင် ပြောဆို ငြင်းခုံခဲ့ပါတယ်။

ပရောဂျက် ဒီဘိတ်တာ လို့ ခေါ်တဲ့ ဉာဏ်ရည်တု စက်ရုပ်နဲ့ မစ္စ အော်ဗတ် ဒီယား တို့ က အာကာသ စူးစမ်း လေ့လာရေး မှာ ပြည်သူ့ ဘဏ္ဍာငွေကို ပိုမို သုံးစွဲ သင့်တယ် ဆိုတဲ့ အကြောင်းကို အချေအတင် ငြင်း ခုံ ကြပါ တယ်။

မစ္စအော်ဗတ်ဒီးယားကလူတွေဟာ သူတို့ ရဲ့ ငွေကို ဘယ်လို အသုံးပြု မယ်ဆိုတာ သူတို့ဖာသာသူတို့ ဆုံးဖြတ်သင့်ပါတယ်လို့ ဆိုပါတယ်။

ပရောဂျက် ဒီဘိတ် တာ ဉာဏ်ရည် တု က သူ့ ရဲ့ မတူတဲ့အမြင် ကို ပြန်ပြောရမှာတော့ လူတွေဟာ ခက်ခက်ခဲခဲရှာဖွေထားတဲ့ငွေကို သူတို့ကြိုက်သလို သုံးခွင့်ရှိတာ မှန်ပါတယ်။ ဒါပေမယ့် လိုအပ်နေသူတွေကို ကူညီဖို့ လူ့အဖွဲ့အစည်းမှာ တာဝန်ရှိပါတယ် လို့ ပြန်ပြော ခဲ့ပါတယ်။

စင်မြင့်ပေါ်မှာ စကားပြောကောင်းသူ အမျိုးသမီးနဲ့ အိုင်ဘီအမ်က ထုတ်လုပ်တဲ့ ဉာဏ်ရည်တုသုံး စက်တို့ ယှဉ်ပြိုင်တာကို ဒိုင်လူကြီးတွေက စောင့်ကြည့် အမှတ်ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Empics
Image caption ၁၉၉၆ ခုနှစ်မှာ ရုရှားက ချက်စ်ချန်ပီယံ ဂယ်ရီ ကက်စပါးရော့ဗ်နဲ့ ဉာဏ်ရည်တုတို့ ယှဉ်ပြိုင်ကစား

အဲသလိုအမှတ်ပေးခဲ့ရာမှာတော့ လေယူလေသိမ်းနဲ့ ပြောပုံဆိုပုံမှာ လူကသာပါတယ်။ ဒါပေမယ့် အချက်အလက်ကြွယ်ဝမှုနဲ့ ကျိုးကြောင်းဆက်စပ်မှုတို့မှာတော့ ဉာဏ်ရည်တုက သာတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဉာဏ်ရည်တု စက်ဟာ အခုလို ငြင်းခုံနိုင်ဖို့ သန်းပေါင်း ရာနဲ့ချီတဲ့ စာတမ်းတွေကို စာကြည့်တိုက်တွေထဲကနေ ရယူထည့်သွင်းထားခဲ့ပါတယ်။ အထူးသဖြင့် အများဆုံးကတော့ သတင်းစာဆောင်းပါးတွေနဲ့ သုတေသနဂျာနယ်တွေထဲက ဆောင်းပါးတွေ စာတမ်းတွေဖြစ်ပါတယ်။

ကွန်ပျူတာဟာ တဖက်လူပြောတာကို နားထောင်ရပါတယ်။ စိစစ်ရပါတယ်။ ပြီးတော့ သူသိမ်းထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး တုန့်ပြန်ရပါတယ်။ ကွန်ပျူတာရဲ့ ဉာဏ်ရည်တုဆိုတာဟာ လူကရေးထားတဲ့ ပရိုဂရမ်ပဲဖြစ်ပါတယ်။

ဒါပေမယ့် လူအများကနေ အချိန်ယူပြီး စနစ်ကောင်း တခုပေါ်ပေါက်လာအောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ အခု ဉာဏ်ရည်တုက လူကို နိုင်အောင် ပြောဆိုငြင်းခုံနိုင်တယ်လို့ အဖြေထွက်လာပါပြီ။

လူတွေဟာ ပြောဆိုငြင်းခုံမှုတွေကို ပြဿနာတရပ်ကို မြန်မြန်ဆန်ဆန် အဆုံးအဖြတ်ပြုဖို့နဲ့ ပိုကောင်းတဲ့အချက်အလက်တွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြုလုပ်ကြတာဖြစ်တဲ့ အတွက် အခုဉာဏ်ရည်တုဟာ အဲဒီအချက်ကို အများအပြား အထောက်အကူပြုနိုင်မယ်လို့ အိုင်ဘီအမ်ကုမ္ပဏီက မျှော်လင့် ထားတာဖြစ်ပါတယ်။

Image caption ကွန်ပျူတာဟာ အချက်အလက်တွေကို စနစ်တကျစီမံခန့်ခွဲ အသုံးချနိုင်

လွန်ခဲ့တဲ့ ၁၉၉ဝ ကျော်ကာလတွေကတည်းက ဉာဏ်ရည်တုနဲ့ လူနဲ့ ယှဉ်ပြိုင်ခဲ့ကြဖူးပါတယ်။ ၁၉၉၆ ခုနှစ်မှာ ရုရှားက ချက်စ်ချန်ပီယံ ဂယ်ရီ ကက်စပါးရော့ဗ်နဲ့ ဉာဏ်ရည်တုတို့ ယှဉ်ပြိုင်ကစားကြရာမှာ ပထမတုန်းကတော့ ကက်စ်ပါးရော့ဗ်က အနိုင်ရပါတယ်။

ကက်စ်ပါးရော့ဗ်ဟာ ချန်ပီယံဟောင်း ကားပေါ့ကို အနိုင်ယူထားတဲ့ တကယ့်ပါရမီရှင်လို့ယူဆထားကြတဲ့ စစ်တုရင် သမားတယောက်ပါ။

ဒါပေမယ့် အိုင်ဘီအမ်က သူတို့ရဲ့ ဉာဏ်ရည်တုကို ပြင်ဆင်မွမ်းမံပြီး နောက်တကြိမ် ယှဉ်ပြိုင်ရာမှာတော့ ကက်စပါးရော့ဗ်ဟာ Deep Blue လို့ နာမည်ပေးထားတဲ့ အဲဒီကွန်ပျူတာ ဉာဏ်ရည်တုကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။

အခု ဉာဏ်ရည်တုနဲ့ စကားအခြေအတင် စစ်ထိုးဆွေးနွေးတာကိုတော့ ကောင်းကွက်ရှိသလို ပျော့ကွက်တွေလည်း ရှိတယ်လို့ ဒန်ဒီ တက္ကသိုလ်က ပါမောက္ခရိဒ်က မှတ်ချက်ပြုပါတယ်။

ကွန်ပျူတာဟာ အချက်အလက်တွေကို စနစ်တကျစီမံခန့်ခွဲ အသုံးချနိုင်တယ်။ ကွန်ပျူတာဟာ အချက်အလက်များစွာသိုမှီးပြီး မမေ့မလျော့တဲ့ အစွမ်းသတ္တိရှိတယ်။ ကွန်ပျူတာဟာ လူတွေလို စိတ်ခံစားချက်မရှိ၊ ဘက်လိုက်မှု မရှိဘူး။

ဒါပေမယ့် ကွန်ပျူတာ ဉာဏ်ရည်တုဟာ အမှန်တကယ် ဘက်လိုက်မှု ကင်းသလားဆိုတော့ မကင်းနိုင်ဘူးလို့ ပါမောက္ခ ရိဒ်က သုံးသပ်ပါတယ်။

ကွန်ပျူတာက ဘက်မလိုက်ပေမယ့် ထည့်သွင်းထားတဲ့ အချက်အလက်တွေက နဂိုကတည်းက ဘက်လိုက်မှုရှိပြီးသားဖြစ်နေတယ်လို့ ပါမောက္ခရိဒ်က သုံးသပ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တိုးတက်လာနေတဲ့ ကွန်ပျူတာ ဉာဏ်ရည်တု