ဗင်နီဇွဲလားတပ်က လူရာချီသတ်တယ်လို့ ကုလစွပ်စွဲ

ဓာတ်ပုံ မူပိုင် JUAN BARRETO
Image caption ပစ်ခတ်ခံရသူတွေကို ဆေးကုသပေးရ

ဗင်နီဇွဲလားနိုင်ငံက ရဲနဲ့ စစ်တပ်ဟာ ရာဇဝတ်မှု တိုက်ဖျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုံးတင် မစစ်ဆေးဘဲ ရာနဲ့ချီပြီး သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက စွပ်စွဲလိုက်ပါတယ်။

ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ချို့တဲ့သူတွေနေတဲ့ ရပ်ကွက်တွေမှာ လူတွေကို သေနတ်နဲ့ ပစ်ခတ်နေပြီး အပြန်အလှန်ပစ်လို့ သေတဲ့ပုံစံ ဖြစ်အောင်လုပ်နေတယ်လို့ ဒီရုံးက ထုတ်လိုက်တဲ့ အစီအရင်ခံစာထဲမှာ ဖော်ပြ ထားပါတယ်။

လက်ရှိ သမ္မတ အနိုင်ရမယ်လို့ မှန်းဆထားတဲ့ ဗင်နီဇွဲလား ရွေးကောက်ပွဲ

အဲဒီ ပစ်ခတ်မှုတွေမှာ ဘယ်သူမှ တာဝန်ယူခြင်း မရှိဘဲ တရားဥပဒေ စိုးမိုးမှု မရှိသလို ဖြစ်နေတဲ့အတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုတခု လုပ်ဖို့ နိုင်ငံတကာ ရာဇဝတ်ရုံးကို အချက်အလက် ပို့ထားတယ် လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇာအိ ရာအက် အယ်လ် ဟူစိန်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်း ၁ သောင်းကျော်ရှိနေတဲ့ ဗင်နီဇွဲလား

ဗင်နီဇွဲလား အစိုးရက ဒီလို လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မုသား အဖြစ် အမြဲတမ်း ပယ်ချခဲ့ပါတယ်။

အဲဒီနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အကျပ်ရိုက်နေတာ တော်တော် ကြာပါပြီ။

မနှစ်က အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပစ်သတ်ခံရတဲ့သူ တော်တော်များသလို နိုင်ငံမှာ ငွေကြေး အလွန်အမင်း ဖောင်းပွမှုနဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေလည်း ရင်ဆိုင်နေရပါတယ်။

အတိုက်အခံတွေ ရွေးကောက်ပွဲ သပိတ်မှောက်ထားချိန်မှာပဲ လက်ရှိ သမ္မတ နီကိုးလပ်စ် မဒူးရိုး မေလက ပြန်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် LUIS ROBAYO
Image caption နိုင်ငံရေး မငြိမ်တဲ့ ဗင်နီဇွဲလားမှာ တပ်တန်ခိုးထွား

စစ်တပ်ဝင်း အုံကြွမှု ဗင်နီဇွဲလား အစိုးရ နှိမ်နှင်း

ရာဇဝတ်မှု လျော့ကျရေး အတွက် စစ်ဆင်ရေး အသွင်နဲ့ ဒီလို ဥပဒေမဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားတာ တွေ့ရတယ် လို့လည်း ကုလသမဂ္ဂက ပြောကြားပါတယ်။

၂ဝ၁၅ က ၂ဝ၁၇ အတွင်း လူ ငါးရာကျော် ကို ပစ်ခတ်ပြီး ရာဇဝတ်မှု ကျဆင်းရေး ရလဒ်အဖြစ် ပြသခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီလို သတ်ဖြတ်မှုတွေ အတွက် တပ်နဲ့ ရဲအရာရှိတွေကို ပြစ်ဒဏ်ပေးတာ အရေးယူတာတွေ မရှိဘူးလို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် PRENSA MIRAFLORES HANDOUT
Image caption ဗင်နီဇွဲလား သမ္မတ မဒူးရိုး

ကုလ သမဂ္ဂ စုံစမ်းရေး အရာရှိတွေ ဗင်နီဇွဲလား လာလို့ မရတဲ့ အတွက် မျက်မြင် သက်သေတွေ၊ ပစ်ခတ်ခံရသူတွေနဲ့ မေးမြန်း စုံစမ်းတာတွေ လုပ်လို့ မရပါဘူး။

ဗင်နီဇွဲလားဟာ လက်ရှိ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် ဖြစ်ပါတယ်။

မဒူရိုရဲ့ အရင်က ရှေ့နေချုပ်ဟောင်း အလုပ်ထုတ်ခံရပြီးနောက် ပြည်ပ ထွက်သွားတဲ့ လွီဇာ အော်တေးဂါးဆီကလည်း တချို့ သက်သေ အထောက်အထားတွေ ရပါတယ်။

ဒီအပတ်ထဲမှာပဲ ဗင်နီဇွဲလားကို အရေးယူဖို့ ပျက်ကွက်တယ် ဆိုပြီး ဝေဖန်ခဲ့ဖူးတဲ့ အမေရိကန် အစိုးရ ကိုယ်တိုင် လူ့အခွင့်အရေး ကောင်စီက ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် FEDERICO PARRA
Image caption ငွေကြေး အလွန်အမင်း ဖောင်းပွမှုနဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေ ရင်ဆိုင်နေရ