အင်ဒိုနီးရှားမှာ အကြမ်းဖက်မှုစီစဉ်သူ သေဒဏ်ချခံရ

ဓာတ်ပုံ မူပိုင် EPA
Image caption အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ အဗ္ဗဒူရာမန်ဟာ ၂၀၁၀ ခုနှစ်ကတည်းက ထောင်ဒဏ်ကျခံနေရ

အင်ဒိုနီးရှားနိုင်ငံက အစ္စလာမ် ဘာသာရေး ခေါင်းဆောင် အာမန် အဗ္ဗဒူရာမန်ဟာ ၂၀၁၆ ခုနှစ် က ဂျာကာတာမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု အပါအဝင် ပစ်ခတ်ဖောက်ခွဲမှုတွေကို စီစဉ်ကြောင်း ပြစ်မှုထင်ရှားတယ်ဆိုပြီး တရားရုံးက သေဒဏ် အမိန့်ချမှတ်လိုက်ပါတယ်။

ဂျာကာတာက စတားဘတ် ကော်ဖီဆိုင်မှာ အသေခံဗုံးခွဲသမားတယောက်က ကိုယ့်ကိုယ်ကိုယ် အသေခံဖောက်ခွဲခဲ့တဲ့အတွက် လူ လေးယောက် သေဆုံးခဲ့ရတဲ့ အမှုမှာ အာမန် အဗ္ဗဒူရာမန်ဟာ စီစဉ်ခဲ့သူဖြစ်တယ်လို့ အခု တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဗ္ဗဒူရာမန်က သူဟာ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံအဖွဲ့ကို ထောက်ခံကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။

သူဟာ အင်ဒိုနီးရှားဒေသအတွင်း အစွန်းရောက် ကွန်ရက်ရဲ့ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် တိုက်ခိုက်မှုဟာ အင်ဒိုနီးရှားမှာ အိုင်အက်စ်နဲ့ ပတ်သက်ဆက်စပ်ကြောင်း တွေ့ရှိရတဲ့ ပထမဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။

အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ အဗ္ဗဒူရာမန်ဟာ ၂၀၁၀ ခုနှစ်ကတည်းက ထောင်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ၂၀၁၆ ခုအသေခံဗုံးခွဲမှုကို အကျဉ်းထောင်ထဲကနေ စီမံခန့်ခွဲခဲ့တယ်လို့ တရားရုံးက ယူဆတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖောက်ခွဲမှုတွေ အဓိက ရှော့ပင်းစင်တာတွေနဲ့ လူစည်ကားရာနေရာတွေမှာ ဖြစ်ပွားခဲ့

၂၀၁၆ ခုဖြစ်ရပ်မှာ ပေါက်ကွဲမှုတချို့ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

အဲသလိုပေါက်ကွဲခဲ့တဲ့အထဲမှာ စတားဘတ်က်စ် ကော်ဖီဆိုင်နဲ့ ရဲစခန်းတခုလည်း ပါပါတယ်။

ဖောက်ခွဲမှုဟာ အဓိက ရှော့ပင်းစင်တာတွေနဲ့ လူစည်ကားရာနေရာတွေမှာ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသံရုံးတွေနဲ့ ကုလသမဂ္ဂရုံးတွေနဲ့ နီးတဲ့နေရာတွေလည်း ပါဝင်ခဲ့ပါတယ်။

စတားဘတ်ကော်ဖီဆိုင် ရှိတဲ့ ဝင်းထဲမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုလည်း ဖြစ်ခဲ့ပြီး ရဲအဖွဲ့နဲ့လည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။

ရဲနဲ့ အပြန်အလှန်ပစ်ခတ်ရာမှာ သေနတ်သမားနှစ်ယောက်သေဆုံးခဲ့ပါတယ်။

နောက်ထပ် နှစ်ယောက်ကတော့ သူတို့ကိုယ်သူတို့ ဗုံးဖောက်ခွဲ အဆုံးစီရင်သွားခဲ့ပါတယ်။

ဒါတွေအားလုံးကို စီမံခန့်ခွဲသူဟာ အဗ္ဗဒူရာမန်ဖြစ်တယ်လို့ အခုသောကြာနေ့မှာ တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဗ္ဗဒူရာမန်ကတော့ သူ့မှာအပြစ်မရှိကြောင်း တရာရုံးမှာထွက်ဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ပြီးခဲ့တဲ့ မေလက လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ဆူရာဘာရာမြို့က ခရစ်ယာန်ဘုရားကျောင်း သုံးကျောင်း တိုက်ခိုက်ခံရမှုဟာလည်း အိုင်အက်စ်နဲ့ ဆက်စပ်

အဗ္ဗဒူရာမန်က သူ့နောက်လိုက်တွေကို ဆီးရီးယားသွားပြီး အိုင်အက်စ်နဲ့ အတူတိုက်ဖို့ လှုံ့ဆော်ခဲ့တာ မှန်ပေမယ့် သူဟာ အင်ဒိုနီးရှားနိုင်ငံတွင်းမှာ တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

သူ့ရဲ့နောက်လိုက်တွေဆိုတာက ဂျမား အန်ရှရွတ် ဒူလာ ဂျေအေဒီ စစ်သွေးကြွ အဖွဲ့ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ အိုင်အက်စ်နဲ့ မဟာမိတ်လုပ်ထားကြောင်း ကြေညာခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး အဗ္ဗဒူရာမန်ကို အင်ဒိုနီးရှားနိုင်ငံရဲ့ အိုင်အက်စ်ခေါင်းဆောင်လို့ ယူဆထားကြတာလည်း ဖြစ်ပါတယ်။

အဗ္ဗဒူရာမန်ရဲ့ရှေ့နေကတော့ သူဟာ အယူခံဝင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

တရားရုံးဆုံးဖြတ်ချက်မချခင် တွေ့ဆုံတုန်းက အဗ္ဗဒူရာမန်က ပြောတာက သူ့ကို မြန်နိုင်သမျှ မြန်မြန် အဆုံးစီရင်ဖို့သာ စီစဉ်စေချင်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာ့အကြီးဆုံးမွတ်ဆလင်နိုင်ငံဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုအများ အပြားဖြစ်ပွားတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အိုင်အက်စ်ရဲ့ တိုက်ခိုက်မှုလို့ ကြေညာတဲ့ ဖြစ်စဉ်ကတော့ ဒါဟာ ပထမဆုံးဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အင်ဒိုနီးရှားမှာ ဒုတိယအကြိမ် မိသားစုလိုက် အသေခံ ဗုံးခွဲတိုက်ခိုက်