ဆွစ်ဇာလန်ကစားသမားရဲ့ အောင်ပွဲခံမှု နိုင်ငံရေးနွယ်လို့ ဝေဖန်ခံရ

ဓာတ်ပုံ မူပိုင် EPA
Image caption ခေါင်းနှစ်လုံး လင်းယုန်ရဲ့ သင်္ကေတ အဖြစ် တောင်ပံ နှစ်ဘက်ခတ်တဲ့ ပုံစံနဲ့ အောင်ပွဲခံ

အားကစားနဲ့ နိုင်ငံရေးကို မရောယှက်သင့်ဘူးလို့ ပြောဆိုမှုတွေ ရှိနေပေမယ့် အခု ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အားကစားနဲ့ နိုင်ငံရေး ရောယှက်တဲ့ အောင်ပွဲခံမှုကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဇွန် ၂၂ ရက်က ၂ ဂိုး ၁ ဂိုးနဲ့ ဆွစ်ဇာလန် အနိုင်ရရှိသွားတဲ့ ဆာဘီးယားနဲ့ ကစားတဲ့ပွဲမှာ ဆွစ်ဇာလန် အတွက် ဂိုးတွေ သွင်းယူခဲ့တဲ့ Granit Xhaka နဲ့ Xherdan Shaqiri တို့ရဲ့ နိုင်ငံရေး သဘောဆောင်တဲ့ အောင်ပွဲခံမှုအပေါ် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ အယ်လ်ဘေးနီးယား နွယ်ဖွားတွေဖြစ်ပြီး သူတို့ဟာ အယ်လ်ဘေးနီးယား နိုင်ငံ အလံမှာပါတဲ့ ခေါင်းနှစ်လုံး လင်းယုန်ရဲ့ သင်္ကေတ အဖြစ် တောင်ပံ နှစ်ဘက်ခတ်တဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို အယ်ဘေးနီးယား အမျိုးသားရေးဆောင်တဲ့ အောင်ပွဲခံမှုကို ဆားဘီးယား အသင်းဘက်က ဒါဟာ ရန်စတဲ့ လုပ်ရပ်လို့ ပြောခဲ့သလို ဆားဘီးယား အမျိုးသားရေးဝါဒီတွေနဲ့ အယ်လ်ဘေးနီးယား လူမျိုးတွေအကြား တင်းမာမှုကို ပိုတိုးစေမယ်လို့ ဝေဖန်သူတွေက ပြောနေပါတယ်။

သူတို့ နှစ်ဦးရဲ့ လုပ်ရပ်ကို အယ်လ်ဘေးနီးယား သမ္မတက ချီးကျူးခဲ့ပေမယ့် ဆားဘီးယား သတင်းစာကတော့ သူတို့ရဲ့ လုပ်ရပ်ဟာ ဆွစ်ဇာလန် နိုင်ငံအတွက် အရှက်ရစရာလို့ ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption Shaqiriရဲ့ အနိုင်ဂိုးအတွက် ကိုဆိုဗိုမြို့တော် Pristina မှာ အောင်ပွဲခံနေကြတဲ့ အယ်လ်ဘေးနီးယား လူမျိုးများ

တချို့ ဆွစ်ဇာလန် သတင်းစာတွေကလည်း ဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ အထိမခံ နိုင်တာကို ရန်စတဲ့သဘော ဆောင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘောလုံးကစားနေချိန်မှာလည်း ဆားဘီးယား ပရိတ်သတ်တွေက သူတို့ ၂ ဦးကို အော်ဟစ် လှောင်ပြောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ နောက်ကြောင်းကို ပြောရရင်တော့ Xhaka နဲ့ Shaqiri တို့ နှစ်ဦးရဲ့ မိသားစုတွေဟာ ကိုဆိုဗိုက ဖြစ်ကြပါတယ်။

၁၉၉၉ ခုနှစ် မတိုင်ခင်ကာလက ကိုဆိုဗိုက လူများစုဖြစ်တဲ့ အယ်လ်ဘေးနီးယား နွယ်ဖွားတွေကို ဆားဘီးယားက တိုက်ခိုက် ချေမှုန်းနေခဲ့တာ ဖြစ်ပြီး နေတိုးတပ်ဖွဲ့က ကြားဝင်မှ ဒီစစ်ပွဲ ပြီးသွားခဲ့တာ ဖြစ်ပါတယ်။

Xhaka ရဲ့ အဖေဟာ ကိုဆိုဗို လွတ်မြောက်ရေး အားပေးသူဖြစ်ပြီး ယူဂိုဆလပ်မှာ နိုင်ငံရေး အကျဉ်းသားအဖြစ် ၃ နှစ်ကျော် ထောင်ချခံခဲ့ရပါတယ်။

Shaqiri ကတော့ ကိုဆိုဗိုမှာ မွေးဖွားခဲ့သူဖြစ်ပြီး သူတို့ဟာ မိသားစုတွေနဲ့ အတူ ဆွစ်ဇာလန် ကို ဒုက္ခသည်အဖြစ် ရောက်ရှိ နေထိုင်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Report
Image caption အယ်ဘေးနီးယား ဝန်ကြီးချုပ် Edi Ramaက အောင်ပွဲခံတဲ့ ပုံကို သူရဲ့ Facebookမှာ Shareထား။

ဆားဘီးယားလက်အောက်ကနေ ကိုဆိုဗိုဟာ ၂၀၀၈ ခုနှစ်မှာ လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ ဒါကို ဆားဘီးယားနဲ့ သူရဲ့ မဟာမိတ် ရုရှားနောက်၊ ကိုဆိုဗိုမှာနေတဲ့ ဆာဘ့် လူနည်းစုတွေကလည်း အသိအမှတ် မပြု ခဲ့ကြပါဘူး။

Shaqiriဟာ ဘောလုံးပွဲမှာ တဘက်က ဆွစ်ဇာလန်အလံနဲ့ နောက်တဘက်က ကိုဆိုဗို အလံပုံတွေပါတဲ့ ဖိနပ်တွေကို ဝတ်ဆင်ပြီး ကစားနေခဲ့တာ ဖြစ်ပါတယ်။

ဒီလို အလံတွေပါတဲ့ ဘောလုံးဖိနပ်တွေကို ဝတ်ဆင်တာ၊ အယ်လ်ဘေးနီးယား အမျိုးသားရေး လက္ခဏာနဲ့ အောင်ပွဲခံတာ၊ နောက်တခါ ဘောလုံး ပရိသတ်ထဲမှာ အယ်ဘေးနီးယား အလံလွှင့်ထားတာ စတာတွေနဲ့ ပတ်သက်လို့ ဆားဘီးယား ဘောလုံးအဖွဲ့ချုပ်က ကန့်ကွက်လွှာ တင်ထားပါတယ်။

ဆွစ်ဇာလန် အသင်းရဲ့ မန်နေဂျာ Vladimir Petkovic က ဘောလုံးအားကစားနဲ့ နိုင်ငံရေး ဘယ်တော့မှ မရောယှက်သင့်ဘူးလို့ ပြောခဲ့ပါတယ်။ သူကိုယ်တိုင် ကလည်း ဘော့စနီးယားမှာ မွေးဖွားတဲ့သူပါ။

အယ်ဘေးနီးယားနွယ်ဖွား Xhakaနဲ့ Shaqiriတို့ အောင်ပွဲခံတဲ့ ပုံစံနဲ့ ပတ်သက် ပြီးတော့ ဆွစ်ဇာလန် အသင်းမန်နေဂျာ Vladimir Petkovicက ဘာမှ မှတ်ချက်ပေး ပြောဆိုတာ မလုပ်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption အီဂျစ်အသင်းရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာနဲ့ Chechen ခေါင်းဆောင် Ramzan Kadyrov

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ အစမှာလည်း Chechen ရဲ့မြို့တော် Grozny မှာ အခြေချပြီး လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ အီဂျစ်အသင်းရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာကို Chechen ခေါင်းဆောင် Ramzan Kadyrovက ခေါ်ယူပြီး အားကစားကွင်းထဲမှာ အတူ လှည့်လည်ကာ ပရိသတ်နဲ့ နှုတ်ဆက်တာမျိုးတွေ လုပ်ခဲ့ဖူးပါတယ်။

အဲဒီအချိန်က Chechen ခေါင်းဆောင်ဟာ မိုဟာမက် ဆာလကို နိုင်ငံရေး အတွက် အသုံးချပြီး ဝါဒဖြန့်တာတွေ လုပ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။

ဆက်စပ် အကြောင်းအရာများ