ဆော်ဒီမှာ အမျိုးသမီး ကားမောင်းခွင့် စတင် ရရှိ

Image caption ဆော်ဒီဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကို ကိုယ်တိုင် ကားမောင်းဖို့ ခွင့်မပြုတဲ့ နောက်ဆုံးကျန်နေတဲ့ နိုင်ငံတခုဖြစ်

ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေ ကားမမောင်းဖို့ တားမြစ်ထားတာကို ဇွန် ၂၄ ရက်မှာ ရုပ်သိမ်း ပေးလိုက်ပါတယ်။

ဒါကြောင့် ဆော်ဒီမှာရှိတဲ့ ထောင်နဲ့ ချီတဲ့ အမျိုးသမီးတော်တော်များများကလည်း သန်းခေါင်ကျော် အချိန်ကို စောင့်ဆိုင်းပြီး လမ်းတွေပေါ်ထွက်ပြီး ကားတွေမောင်းခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကို ကိုယ်တိုင် ကားမောင်းဖို့ ခွင့်မပြုတဲ့ နောက်ဆုံးကျန်နေတဲ့ နိုင်ငံတခုဖြစ်ပြီး အမျိုးသမီးတွေ အတွက် မိသားစုတွေက သီးသန့် ယာဉ်မောင်း ငှားထားပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့မှာ ဆော်ဒီအာရေဗျမှာ နေထိုင်တဲ့ အမျိုးသမီးတွေကို ပထမဆုံး ကိုယ်တိုင် ကားမောင်းတာကို ခွင့်ပြုခဲ့တာကြောင့် သမိုင်းဝင်နေ့ တနေ့လည်း ဖြစ်ပါတယ်။

သန်းခေါင်ယံကျော်ပြီဆိုကတည်းက အပြုံးပန်းတွေဝေနေတဲ့ အမျိုးသမီးတွေ ကားကို ပျော်ရွှင်စွာနဲ့ ကိုယ်တိုင် မောင်းနှင်နေကြပါပြီ။

ဒါအပြင် ကားပေါ်မှာ အတူပါလာတဲ့ အမျိုးသမီးတွေက လက်မတွေထောင်ပြီး နှုတ်ဆက်နေတာ၊ လမ်းဘေးမှာရှိတဲ့ အမျိုးသားတွေက ကံကောင်းပါစေဆိုပြီး ကားမောင်းနေတဲ့ အမျိုးသမီးတွေကို ဆုတောင်းပေးနေတာတွေလည်း ဆော်ဒီရဲ့ လမ်းမပေါ်မှာ တွေ့နေရပါတယ်။

သန်းခေါင်ကျော်ပြီဆိုတာနဲ့ ပထမဆုံးအကြိမ် ဆော်ဒီရဲ့ လမ်းပေါ်ကို ကားမောင်းဖို့ ထွက်လာတဲ့ မတ်စ် ဒူလင်အာတစ်ကတော့ အရမ်းပျော်တဲ့အကြောင်း ပြောပါတယ်။

"ခံစားချက်ကို ဘယ်လိုပြောရမလဲဆိုတာကို ပြောဖို့ စကားလုံး မရှိအောင်ပါပဲ။ အခုလို ကားမောင်းရတာကို အရမ်း ဂုဏ်ယူပါတယ်။ နောက်ကနေ ထိုင်ရတာနဲ့ အတော်ကို ကွာပါတယ်" လို့ မတ်စ် ဒူလင်အာတစ်က ပြောပါတယ်။

ဆော်ဒီမှာ အမျိုးသမီးတွေ ကားမောင်းခွင့်ရဖို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေက နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EVN
Image caption ဆော်ဒီအမျိုးသမီး ၂၀၀၀လောက် ယာဉ်မောင်းလိုင်စင်ရထား

ဆော်ဒီအမျိုးသမီးတွေကို ကားမောင်းခွင့်ပြုမှုဆိုတာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန် လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲက တခုလည်း ဖြစ်ပါ တယ်။

အရင်နှစ် စက်တင်ဘာက ဒီလိုအပြောင်းအလဲတွေ လုပ်ဖို့ ဆော်ဒီမှာ စတင် ကြေညာခဲ့ပြီး အမျိုးသမီးတွေအတွက် ယာဉ်မောင်းလိုင်စင်တွေကို ဒီလ အစော ပိုင်းက စထုတ် ပေးခဲ့ပါတယ်။

ဆော်ဒီအမျိုးသမီး ၂၀၀၀လောက် ယာဉ်မောင်းလိုင်စင်ရထားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့် အခုလို အမျိုးသမီးတွေကို ကားမောင်းခွင့်ပေးလိုက်တဲ့အပေါ် ဆော်ဒီက အမျိုးသားတွေက မကျေနပ်သလို လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အာရပ်ဘာသာနဲ့ ကားမောင့်ခွင့်မပြုဆိုတဲ့ hashtag တွေ ဖြန့်ဝေနေကြတယ်လို့ ဆိုပါတယ်။

ဒါအပြင် အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ အချိန်မှာပဲ အမျိုးသမီးတွေ ကားမောင်းဖို့ လှုပ်ရှားခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ အပေါ် အရေးယူ ဆောင်ရွက်မှုတွေ ပိုမို တိုးမြင့်လာပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အဖမ်းခံထားရတဲ့ ဆော်ဒီက အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ အဇီဇာ အယ်လ် ယူဆက်ဖ်

လောလောဆယ် အမျိုးသမီးအခွင့်အရေး လုပ်ဆောင်နေသူ ၈ ဦးကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးမှာ အမှု ရင်ဆိုင်ရမှာ ဖြစ်သလို နှစ်ရှည် ထောင်ဒဏ်တွေ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ အဖွဲ့က ပြောပါတယ်။

အရင်သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ ခုနှစ်တုန်းက ရီယတ်မြို့မှာ ကားမောင်းတဲ့ အမျိုး သမီးတွေ ဒါဇင်နဲ့ချီ အဖမ်းခံခဲ့ရပါတယ်။ ဒါအပြင် ၂၀၀၈၊ ၂၀၁၁နဲ့ ၂၀၁၄ ခုနှစ်တွေက ဆော်ဒီ အမျိုး သမီးတွေ ကားမောင်းတဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်မှာ တင်လို့ အမျိုးသမီးတွေ အဖမ်းခံခဲ့ ရဖူးပါတယ်။

ရီယတ်မြို့ကနေ သတင်းပေးပို့နေတဲ့ ဘီဘီစီ သတင်းထောက် အော်လာ ဂဲလ်ရင်ကတော့ ညသန်းခေါင်လို့ နာရီက အချက်ပေးလိုက်တာနဲ့ အမျိုးသမီး တွေလမ်းမပေါ် ထွက်လာခဲ့သလို ပထမဆုံး ဆော်ဒီမှာ လိုင်စင်ရတဲ့ အမျိုးသမီးက စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်တဲ့ညတွေ အများကြီးရှိခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ လွတ်လပ်စွာ ကားမောင်းနိုင်ပေမယ့် အမျိုးသားဖော်မပါဘဲ လွတ်လပ်စွာ ခရီးသွားခွင့်၊ လက်ထပ်ခွင့်နဲ့ ကွာရှင်းခွင့်တွေ ရဖို့ကတော့ လိုသေးတယ်လို့ ဆိုပါတယ်။

ဒီအပြောင်းအလဲက သိပ်ပြီးရှေ့ရောက်တဲ့ ခြေတလှမ်းမဟုတ်ဘူးလို့လည်း ဘီဘီစီ သတင်းထောက် အော်လာ ဂဲလ်ရင်က သုံးသပ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆော်ဒီ အိမ်ရှေ့စံသစ် ပေါ်လာပြီ