နယ်စပ်က ရွှေ့ပြောင်း ဝင်လာတဲ့ မိသားစုတွေကို တရားစွဲဆိုမှု ယာယီရပ်နား

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်နိုင်ငံထဲကို တရားမဝင်ရွှေ့ပြောင်းဝင်လာတဲ့ ကလေးတွေ ပါဝင်တဲ့ မိသားစုတွေကို တရားစွဲမှု ယာယီ ရပ်နားထားတယ်လို့ အမေရိကန် နယ်စပ် လုံခြုံရေး အကြီးအကဲက ပြော

အမေရိကန်နိုင်ငံထဲကို တရားမဝင်ရွှေ့ပြောင်းဝင်လာတဲ့ ကလေးတွေ ပါဝင်တဲ့ မိသားစုတွေကို တရားစွဲမှု ယာယီ ရပ်နားထားတယ်လို့ အမေရိကန် နယ်စပ် လုံခြုံရေး အကြီးအကဲက ပြောပါတယ်။

တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်လာတဲ့ ကလေးတွေပါတဲ့ မိသားစုတွေကို တရားစွဲဆိုဖို့အတွက် လွှဲပြောင်းပေးမှုတွေကို ပြီးခဲ့တဲ့အပတ်ကတည်းက စလို့ မလုပ်တော့ဘူးလို့ အကောက်ခွန်ရေးရာနဲ့ နယ်ခြား ကာကွယ်ရေးအဖွဲ့ ကော်မရှင်နာ ကီဗင်မက်အာလန်းက သတင်းမီဒီယာတွေကို ပြောပါတယ်။

ရွှေ့ပြောင်းဝင်သူ မိသားစုတွေကို ခွဲမထားဖို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပြီး သမ္မတ ထရမ့်ရဲ့ အမိန့်ကို လိုက်နာ ဆောင်ရွက်နေတာဖြစ်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

ဒါပေမယ့် မစ္စတာ ထရမ့် ကတော့ မိသားစုတွေကို မခွဲဘဲ အတူတကွ ထိန်းထားသင့်တယ်လို့ အကြံပြုထားခဲ့တာပါ။

မူလကတော့ ကလေးတွေကို မိဘတွေနဲ့ ခွဲထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြည်သူတွေရဲ့ ဒီကိစ္စတွေကို ဖိအားပေးမှုတွေအပေါ် အမေရိကန် သမ္မတ ထရမ့်က မိသားစုတွေ အတူတကွ ထိန်းသိမ်းထားဖို့ ဆိုပြီး လိုက်လျောခဲ့ရပါတယ်။

ထရမ့်အစိုးရရဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပတ်သက်လို့ လုံး၀ သည်းခံမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒဟာ အခုထိ အကျိုးသက်ရောက်မှု ရှိနေဆဲဖြစ်ပြီး သူတို့ နယ်ခြားတပ်ဖွဲ့တွေကလည်း ကိုင်စွဲထားဆဲ ဖြစ်တယ်လို့ ကီဗင်မက်အာလန်းက ပြောပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အကောက်ခွန်ရေးရာနဲ့ နယ်ခြား ကာကွယ်ရေး ဆိုရာ ကော်မရှင်ကတော့ အဲဒီမူဝါဒတွေကို အတန်ငယ်ထိန်ချန်ထားပြီး မရေမရာအခြေအနေတွေကို ထိန်းကျောင်းပေးနေတာ ဖြစ်ပါတယ်။

အမေရိကန် အာဏာပိုင်တွေအနေနဲ့ ရွှေ့ပြောင်းမိသားစုတွေထဲက ကလေးတွေကို သီးခြားခွဲထုတ်ဖို့ မလုပ်တော့ဘူးဆိုရင် မိဘဖြစ်သူတွေဟာ တရားစွဲဆိုမှု မခံရနိုင်ပါဘူး။ တရားဥပဒေအရလည်း အဲဒီလို အရွယ်ရောက်ပြီးသူတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ ခွင့်မပြုထားပါဘူးလို့ မစ္စတာ မတ်အာလန်းက ပြောပါတယ်။

နယ်ခြား အာဏာပိုင်တွေရဲ့ အဲဒီ ဆုံးဖြတ်ချက်ဟာ သမ္မတ အိုဘားမား လက်ထက်က ကျင့်သုံးခဲ့တဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒအတိုင်း ပြန်သွားနိုင်ဖို့ လမ်းဖွင့်ပေးတာလည်း ဖြစ်ပါတယ်။

နယ်ခြား ကာကွယ်ရေး ဌာနအပါအဝင် သူ့အနေနဲ့ မိသားစုတွေကို ကလေးတွေနဲ့ မခွဲထားဘဲ ဘယ်လို တရားစွဲဆိုရတယ်ဘယ်လို ဖြေရှင်းရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားရမယ်လို့လည်း မစ္စတာ မတ်အာလန်းက ပြောပါတယ်။

အထောက်အထားမဲ့ ပြည်ဝင်လာသူတွေမှာ ကလေးတွေပါလာခဲ့ရင် သူတို့ကို တရားရုံးကို ပို့ပြီး သူတို့ နေရပ်ကို ပြန်ပို့ရမယ်လို့ ဆိုလိုတာဖြစ်ပြီး ဖမ်းဆီးထားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အသက်ပြည့်ပြီးသူတွေ မပါတဲ့ ကလေးတွေကိုတော့ အခုအထိ ထိမ်းသိန်းထားနိုင်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတည်းက ရွှေ့ပြောင်းတွေကို တရားစွဲခဲ့ပြီး ကလေးတွေကို ခွဲထားခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရတဲ့ ထရမ့်ဟာ နောက်ပိုင်းမှာတော့ အဲဒီဖြစ်ရပ်တွေအတွက် ဝမ်းနည်းမှုပြခဲ့ပြီး ဖမ်းလိုက် ပြန်လွှတ်လိုက် မူဝါဒကို ကျင့်သုံးခဲ့တာပါ။

တကယ်တမ်းတော့ အမေရိကန်ကို မက္ကစီကို နယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်လာခဲ့တဲ့ အထောက်အထားမဲ့ မိသားစုတွေအတွက် ထိန်းသိမ်းထားဖို့ နေရာမရှိပါဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ ဆာရာ ဆန်းဒါးစ်က ပြီးခဲ့တဲ့ တနလာၤနေ့က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ