ထိုင်းဂူထဲက ကလေးတွေ အသက်ရှင်နိုင်သေး

ဓာတ်ပုံ မူပိုင် PONGMANAT TASIRI
Image caption ရှာဖွေရေးတွေ လုပ်နေတာ ၃ ရက်ရှိ

ဂူထဲမှာ ပိတ်မိနေတဲ့ ဘောလုံးသမား အုပ်စု အသက်ရှင်နေသေးတယ်လို့ မျှော်လင့်ကြောင်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောကြား လိုက်ပါတယ်။

ရှာဖွေရေးတွေ လုပ်နေတာ ၃ ရက်ရှိပါပြီ။

အသက် ၁၁ နှစ်က ၁၆ နှစ်ကြား လူငယ် ယောက်ျားလေး ၁၂ ယောက် သူတို့ နည်းပြနဲ့အတူ ချင်းရိုင် ခရိုင်က ဂူကြီးထဲကို စနေနေ့က ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရေတပ်က ရေငုပ်သမားတွေလည်း အင်္ဂါနေ့က ရေတက်လာလို့ ရှာဖွေရေး ရပ်ထားခဲ့တာကို နားထားတာက ပြန်စနေပါပြီ။

ဂူထဲမှာ လတ်လတ်ဆတ်ဆတ် ခြေရာတွေ တွေ့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ပျောက်နေသူတွေ အတွက် မျှော်လင့်ချက်တွေ ပိုရှိလာပါတယ်။

သူတို့မှာ စားစရာ မရှိတောင်မှ သောက်စရာ ရေတော့ ရှိနိုင်တဲ့အတွက် အားလုံး အသက်ရှင်နေသေးတယ်လို့ မျှော်လင့်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝပ် ဝုန်ဆူဝမ်း က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် PONGMANAT TASIRI
Image caption စိတ်ပူနေကြတဲ့ မိဘတွေ

ထိုင်းမြန်မာ နယ်စပ်က ထမ်လွန်နန်းနွန် ဂူဟာ မြေအောက်မှာ မိုင်ချီရှည်တဲ့ ဂူကြီး ဖြစ်ပြီး ကမ္ဘာလှည့်တွေ သွားကြတဲ့ နေရာ တခု ဖြစ်ပါတယ်။

ဘောလုံးသမားတွေနဲ့ အတူ ပါသွားတဲ့ ၂၅ နှစ် အရွယ် နည်းပြဟာ ဂူတနေရာမှာ ရှိလိမ့်မယ်လို့ ယူဆကြပါတယ်။

ပူပန်စိုးရိမ်နေကြတဲ့ ဆွေမျိုးတွေကလည်း ဂူပြင်မှာ စောင့်ပြီး ဆုတောင်းနေကြပါတယ်။

ဓာတ်ပုံ မူပိုင် KRIT PHROMSAKLA NA SAKOLNAKORN
Image caption ဂူပြင်မှာ စောင့်ပြီး ဆုတောင်း

ထိုင်းလိုဏ်ဂူထဲ ရေငုပ်သမားတွေ ဝင်သွားပြီ

ဂူထဲမှာ အနက်ဆုံး နေရာအထိ ရေငုပ်သမားတွေ ရောက်အောင် ကြိုးစားနေကြပါတယ်။ ဂူတွေနားက ရွှံ့ဗွက်အိုင်တွေထဲလည်း ရှာဖွေနေကြပါတယ်။

ရေစုပ်စက်တွေ ယူလာပြီး ဂူထဲက ရေတွေ စုပ်ထုတ်နေကြတာပါ။ ဒါပေမဲ့ မိုးက ဆက်ရွာနေလို့ ခရီးမတွင် ဖြစ်နေပါတယ်။

ဂူထဲကို ကေဘယ်ကြိုးတွေ သွယ်ပြီး ရေငုပ်သမားတွေ မြင်ရအောင် ကူညီနေကြပါတယ်။

ခုဆို ဒရုန်းတွေပါ သုံးပြီး ရှာနေပါတယ်။

ခုထိတော့ ဂူဝမှာ သူတို့ သော့ခတ်ထားတဲ့ စက်ဘီးတွေနဲ့ ဂူထဲက အကြီးဆုံး လိုဏ်ခေါင်းတခုမှာ တနင်္လာနေ့က တွေ့ရတဲ့ လက်ရာခြေရာတွေသာ တွေ့ရပါသေးတယ်။

ဓာတ်ပုံ မူပိုင် PONGMANAT TASIRI
Image caption ရေငုပ်သမားတွေ ဂူထဲ ဝင်ပြီး ရှာနေ

ဘယ်လိုပိတ်မိ

ဘောလုံးသမားအဖွဲ့ ထမ်လွန်နန်းနွန် ဂူကြီးထဲကို စနေနေ့နေ့လယ်က ဝင်သွားတယ်လို့ ယူဆကြပါတယ်။

သူတို့ ပျောက်နေတယ်ကြားလို့ စနေနေ့ ညကတည်းက ကယ်ဆယ်ရေးတွေ စရှာနေကြပါတယ်။

အင်္ဂါနေ့မှာတော့ ရေတပ်က ရေငုပ်သမားတွေ ဂူထဲ ဝင်ပြီး ဆက်ရှာကြပါတယ်။

ဂူတွေပေါ်ကနေ တောင်တွေပေါ် ရောက်နေသလား ရှာဖွေဖို့လည်း စစ်သားတွေ အများကြီး ရောက်လာပါတယ်။

ဂူထဲမှာ ရေငုပ်တာနဲ့ ရှာဖွေတာ ကျွမ်းကျင်တဲ့ စေတနာ့ဝန်ထမ်းတွေ အများအပြား ရောက်လာနေပါပြီ။

မိုးတွင်း ရေကြီးတဲ့အချိန်မှာ ဂူထဲက ချောင်းတွေဟာ ၁၆ ပေထိ ရေတက်နိုင်တယ်လို့ သိရပါတယ်။

လုံးဝ ရေမြုပ်နေတဲ့ နေရာတွေကို ရေငုပ်ဝင်နိုင်အောင် ရေငုပ်သမားတွေကို စကူဘာ သုံးတတ်အောင် လေ့ကျင့် ပေးနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ