ဓာတုလက်နက် စောင့်ကြည့်ရေး အထူး စည်းဝေး

russia

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဗြိတိန်နဲ့ ရုရှား ထိပ်တိုက် ရင်ဆိုင်ရနိုင်

ဓာတုလက်နက် စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ OPCW ရဲ့ အထူး အစည်းအဝေး သည်ဟိတ်ဂ် မြို့မှာ ကျင်းပ နေပါတယ်။

ဓာတုလက်နက် သုံးစွဲကြောင်း တွေ့ရှိရတဲ့ ဖြစ်ရပ်တွေမှာ ဘယ်သူဘယ်ဝါရဲ့ လက်ချက် ဖြစ်တယ်ဆိုတာကို နာမည်နဲ့ တပ်ပြီး ပြောဆိုသွားနိုင်ဖို့ အဖွဲ့ဝင် နိုင်ငံတွေ ကြိုးစား နေတာ ဖြစ်ပါတယ်။

ဒီ အစည်းအဝေးကို ဗြိတိန်နဲ့ တခြား မဟာမိတ် နိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ ဂျပန်၊ အမေရိကန် နိုင်ငံတွေက ခေါ်ယူတာ ဖြစ်ပါတယ်။

OPCW အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေသာ တိုးမြှင့်ကြဖို့ အဖွဲ့ဝင် နိုင်ငံတွေကြား သဘောတူမှု ရလာပြီ ဆိုရင် ပြီးခဲ့တဲ့ ဧပြီလတုန်းက ဆီးရီးယားနိုင်ငံ ဒူးမားမြို့က ဖြစ်ရပ် မျိုးမှာ ဘယ်သူ လက်သည်လဲ ဆိုတာကို OPCW အဖွဲ့ အနေနဲ့ ဆုံးဖြတ်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အာဏာတိုးမြှင့်ပေးဖို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် အဆိုတင်

သည်ဟိတ်ဂ်မှာလုပ်နေတဲ့ ဒီအထူးအစည်းအဝေးကို ခေါ်ယူဖို့ ဗြိတိန်နိုင်ငံက အဆိုပြုခဲ့တာဖြစ်ပါတယ်။

ဒါဟာ ဗြိတိန်အနေနဲ့ ရုရှားနိုင်ငံနဲ့ ထိပ်တိုက် ရင်ဆိုင်မှုအသစ်တခုကို ရွေးချယ်လိုက်တဲ့ သဘောသက်ရောက်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ဓာတုလက်နက် အသုံးပြုနေတယ်လို့ လတ်တလော အစွပ်စွဲခံနေရတဲ့ ရုရှားရဲ့ မဟာမိတ် ဆီးရီးယားနိုင်ငံဟာ အပြစ်တင်ခံရဖွယ် အန္တရာယ်အလားအလာရှိတဲ့ ထိပ်ဆုံးနိုင်ငံတနိုင်ငံ ဖြစ်လို့ပါ။

ဗီဒီယို ပုံစာ,

သူလျိုဟောင်းကို ရုရှားတို့ အဆိပ်ခတ်ခဲ့တာ သေချာပြီလား

ဓာတ်ပုံ ရင်းမြစ်, HASAN MOHAMED

ဓာတ်ပုံ ပုံစာ,

ဆီးရီးယား ဓာတုတိုက်ခိုက်မှုက သားကောင် ကလေးငယ်

လက်ရှိမှာ OPCW ရထားတဲ့ အာဏာက ဓာတုလက်နက် အသုံးပြုနေခြင်းရှိမရှိကို စုံစမ်းဖော်ထုတ်ပေးရုံသက်သက်သာ ဖြစ်ပါတယ်။

အာဏာတိုးမြှင့်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က အဆိုတင်တာဖြစ်ပြီး ရုရှားကတော့ ကန့်ကွက်ပါတယ်။

လိဒ်စ် တက္ကသိုလ်က ဓာတုလက်နက်ဆိုင်ရာပညာရှင် အဲလက်စတဲ ဟေး ကတော့ အစည်းအဝေးအတွင်းမှာ သဘောထားကွဲလွဲမှုတွေ တော်တော်ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

လူအများက OPCW ကိုဒီလိုအခွင့်အာဏာမျိုးပေးဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ဗြိတိန်ကို ထောက်ခံတဲ့ မဲအရေအတွက်အလုံအလောက်ရမရဆိုတာက မသေချာပါဘူး။ ဗြိတိန်ဘက်က အမေရိကန် ပြင်သစ်နဲ့ တခြားနိုင်ငံတွေရှိတယ် ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဒီလို ထုတ်ဖော် အပြစ်တင်မှာကို စိုးရိမ်ကြတဲ့ ရုရှားနဲ့ တခြားသူ့မဟာမိတ်တွေလည်း အများအပြားရှိပါတယ်။ဒါ့ကြောင့် အဖွဲ့အစည်းအတွင်းမှာ နှစ်ခြမ်းကွဲမယ့် အလားအလာရှိပါတယ်လို့ ဟေးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DANIEL LEAL-OLIVAS

ဓာတ်ပုံ ပုံစာ,

ဗြိတိန်မှာလည်း အာရုံကြောအဆိပ် တိုက်ခိုက်မှုဖြစ်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ရဲ့ တွတ်တာ ပို့စ်တခုမှာတော့ ဆီးရီးယားမှာ ဓာတုလက်နက်တိုက်ခိုက်မှုဟာ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို OPCW က ထုတ်ဖော်ပြောဆိုနိုင်လာအောင် ရည်ရွယ်တာ ဖြစ်ပါတယ်၊ ဒါကို အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံကြစေချင်ပါတယ်လို့ ဆိုထားပါတယ်။

OPCW မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိပြီး အဲဒီနိုင်ငံတွေက မကြာခင်မှာ မဲပေးကြမှာ ဖြစ်ပါတယ်။

OPCW အဖွဲ့ဟာ ၂ဝ၁၃ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုရရှိထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။