ကလေးတွေ ဂူထဲပိတ်မိနေတာ ၅ ရက်ရှိလာပြီ

ဓာတ်ပုံ မူပိုင် EPA
Image caption ရှာဖွေကယ်ဆယ်ရေး လုပ်နေစဉ်

ထိုင်းမြောက်ပိုင်း မြန်မာနယ်စပ်နဲ့ မနီးမဝေးက ဂူထဲမှာ ဘောလုံးကစားတဲ့ ၁၂ နှစ်အရွယ် ကလေးတွေ ပိတ်မိနေတာ ၅ ရက်မြောက် ရှိလာပါပြီ။ ပိတ်မိနေတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ ဘောလုံးအသင်းနည်းပြတို့ကို ရှာဖွေမှုတွေ လုပ်နေတာ ၄ ရက်ရှိလာပြီဖြစ်ပြီး သည်းထန်စွာ ရွာနေတဲ့ မိုးတွေက ရှာဖွေနေမှုတွေကို အဟန့်အတား ဖြစ်နေစေပါတယ်။ တညလုံး သည်းသည်းထန်ထန် ရွာခဲ့တဲ့မိုးတွေဟာ ဂူအတွင်းဝင်ကုန်ပြီး အထဲမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ လုပ်သားတွေကို စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။

အာဏာပိုင်တွေဘက်ကတော့ အခြား ဂူပေါက်တပေါက်ကို ဖွင့်ဖို့ ကြိုးစားနေကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကစလို့ အဲဒီ အုပ်စုကို အဆက်အသွယ်မရတော့တာ ဖြစ်ပါတယ်။

ရှာဖွေရေးအဖွဲ့တွေဟာ Thermal sensors လို့ခေါ်တဲ့ အပူချိန်နဲ့ စမ်းသပ်ရှာဖွေတဲ့ ကိရိယာတွေကို ဒရုန်းပေါ်မှာ တပ်ဆင်ပြီး ဂူအပေါ်ကနေ လှည့်လည် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

Image caption ရဟတ်ယာဉ်နဲ့လည်း ရှာနေတယ်

ထမ်လွန်နန်းနွန် လို့ခေါ်တဲ့ ဂူဟာ ထိုင်းမြောက် ချင်းရိုင်ဒေသမှာ အကြီးဆုံး ဂူလည်း ဖြစ်ပါတယ်။

မိုးရာသီမှာ ရေက ၁၆ ပေလောက်အထိ တက်လာကာ ရေလွှမ်းမိုးမှုဖြစ်တတ်လို့ ဒေသခံ ခရီးသွားလုပ်ငန်း လမ်းညွှန်တဦးကလည်း ဘီဘီစီကို ပြောပါတယ်။

ထိုင်းသတင်းတွေမှာတော့ ဂူထဲရေတွေကို စက်တွေနဲ့ စုပ်ထုတ်နေတာတွေလည်း ဇွန်လ ၂၇ ရက် တနေ့လုံး ထုတ်လွှင့်ပြသနေတာပါ။

Image caption ကလေးတွေရဲ့ စက်ဘီးတွေကတော့ ဂူပေါက်ဝမှာ အခုထိ ရှိနေတယ်

အခုဖြစ်တဲ့ နေရာက တာချီလိတ်နဲ့ ၈ ကီလိုလောက်ပဲဝေးတယ်၊ လူတွေကလည်း သောင်းနဲ့ချီ လာကြည့်ကြလို့ ထိုင်းအာဏာပိုင်တွေကလည်း လူတအားများပြီး ကယ်ဆယ်ရေး ဖင့်နှေးမှာ စိုးလို့ အိမ်တွေမှာပဲ တီဗီကနေ ကြည့်ကြဖို့ ဆော်သြနေတာတွေ့ရတယ်လို့ တာချီလိတ်မြို့မှာ နေထိုင်တဲ့ စိုင်းနွံတွိဒ်က ဘီဘီစီမြန်မာပိုင်းကို ပြောပါတယ်။

ထိုင်းပြည်တွင်းသတင်းတပုဒ်မှာတော့ ဇွန်လ ၃ဝ ရက် မနက်မှာ ရေတပ်ဆီးလ်တပ်ဖွဲ့ဝင် ၃ဝ လောက် ထပ်မံအားဖြည့်ကယ်ဆယ်ရေး လုပ်နေတယ်လို့ ဖော်ပြထားသလို ရဲတွေ တခြားစစ်သည်တွေနဲ့လည်း ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ရေအောက်သဲနုန်း ဖျက်ဆီးရေးအထူးအဖွဲ့အပါအဝင် နိုင်ငံတကာမှာ ဂူအတွင်း ရေငုပ်သင်တန်း သွားတက်သူတွေလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။

Image caption စစ်တပ်ကလည်း မြေပုံနဲ့ ထွက်ပေါက်ဖြစ်နိုင်မဲ့နေရာတွေကို ခန့်မှန်းတွက်ဆမှုတွေ လုပ်နေတယ်
Image caption ထိုင်းသတင်းတွေမှာတော့ ဂူထဲရေတွေကို စက်တွေနဲ့ စုပ်ထုတ်နေတာတွေလည်း ဇွန်လ ၂၇ ရက် တနေ့လုံး ထုတ်လွှင့်ပြသနေ

ဆက်စပ် အကြောင်းအရာများ