နာဂျစ်အိမ်က ဘာတွေသိမ်းခဲ့သလဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption အစစ်ခံနေရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ သူ့ဇနီးတို့နဲ့ ပတ်သက်တဲ့ နေအိမ် ၆ နေရာကနေ သိမ်းဆည်းမိခဲ့တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၂၇ဝ ကျော် ရှိတယ်လို့ မလေးရှား ရဲတွေက ကြေညာလိုက်ပါတယ်။

စီးပွားရေးနဲ့ဆိုင်တဲ့ ပြစ်မှု စုံစမ်းရေးဆိုင်ရာ ရဲမင်းကြီး အမာဆင်းက မလေးရှားနိုင်ငံသမိုင်းမှာ အများဆုံး သိမ်းဆည်းရမိခဲ့တယ်လို့ သူဆိုတဲ့ ပစ္စည်းတွေကို သူ့အရာရှိတွေနဲ့ ဘဏ်ဝန်ထမ်းတွေက တလကျော်ကြာ ရေတွက် ခဲ့ရတယ်လို့ ပြောပါတယ်။

သိမ်းဆည်း ပစ္စည်းတွေထဲမှာ လက်ဝတ်လက်စား ၁၂,ဝဝဝ ကျော်၊ နာရီ အလုံး ၄ဝဝ ကျော်၊ လက်ကိုင်အိတ် ၅၆၇ လုံး ပါဝင်ပါတယ်။

မလေးဝန်ကြီးချုပ်ဟောင်း ပြည်ထွက်ခွင့်ပိတ်

ဓာတ်ပုံ မူပိုင် MOHD RASFAN
Image caption ဝန်ကြီးချုပ်ဟောင်းသမီးပါ ခေါ်စစ်ခံရ

ဒေါ်လာ တသန်းခွဲကျော် တန်တဲ့ ရွှေနဲ့ စိန်ဆွဲကြိုးတွေ၊ သရဖူ ၁၄ ခုနဲ့ နာမည်ကြီး Hermes လက်ကိုင်အိတ် တွေကို 1MDB အစိုးရငွေ ရန်ပုံငွေ ပျောက်မှု ရှာဖွေရေး အနေနဲ့ သိမ်းခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နာဂျစ် အစပျိုးခဲ့တဲ့ ဒီရန်ပုံငွေကနေ ဒေါ်လာ သန်းထောင်ချီ ရှာမရ ဖြစ်နေပါတယ်။

မေလ ရွေးကောက်ပွဲ ရှုံးပြီးနောက်ပိုင်း သူ့ကို စုံစမ်း စစ်ဆေးတာ ခံနေရပါတယ်။

လက်ကိုင်အိတ် အလုံး ငါးရာကျော်ထဲမှာ ဒေါ်လာ သန်း ၃ဝ ကျော် ငွေတွေပါလာတာကိုလည်း သိမ်းခဲ့ပါတယ်။

နာရီက အလုံး ၄ဝဝ ကျော် ရှိပြီး နေကာမျက်မှန်က ၂ဝဝ ကျော်တယ်လို့ ရဲဘက်က ထုတ်ပြန်ပါတယ်။

အရေအတွက်က များလွန်းလို့ သိမ်းမိတဲ့ နေရာမှာ ထိုင်ပြီး မရေတွက်နိုင်ဘူးလို့လည်း ရဲမင်းကြီး ဆင်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AHMAD YUSNI
Image caption ရတနာစိန်ကျောက်တွေ အများအပြားသိမ်းခံရ

ဝန်ကြီးချုပ်ဟောင်းကတော် ရိုစမာကို ပစ္စည်းကောင်းကြိုက်သူ၊ စျေးဝယ်ဝါသနာပါသူလို့ သိကြတာ ကြာပါပြီ။

စျေးကြီးတဲ့ ဖိနပ်တွေ စုတတ်တဲ့ ဖိလစ်ပိုင် သမ္မတဟောင်းကတော် အီမယ်ဒါ မားကို့စ်နဲ့ ယှဉ်ပြီး သူ့ကို ခိုင်းနှိုင်းပြောဆိုကြလေ့လည်း ရှိပါတယ်။

နာဂျစ် ခြစားတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့်ပဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဟာသီယာကို သူ ရှုံးခဲ့ရပါတယ်။

အစိုးရ ရန်ပုံငွေထဲက ဒေါ်လာ သန်း ၇ဝဝ ကို အိတ်ထဲထည့်တယ် ဆိုပြီး နာဂျစ် စွပ်စွဲခံနေရတာပါ။

ရွေးကောက်ပွဲ ပြီးကတည်းက နာဂျစ်တို့ မောင်နှံ စစ်ဆေးခံနေရသလို ပြည်ပ ထွက်ခွင့်လည်း ပိတ်ခံထားရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
နာဂျစ်ရာဇတ်နဲ့ ဇနီးပိုင်ဆိုင်မှု ဒေါ်လာသန်း ရာချီရှိ