ထိုင်းဂူက လူတွေ ကယ်ဆယ်ရေး၊ ကိုယ်သာဆို ဂူထဲ ဘယ်လို ရှင်အောင်နေမလဲ

Thai ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ဂူထဲမှာ ရက်ချီ ပိတ်မိနေကြသူတွေကို ကယ်ဖို့လုပ်

ထိုင်းနိုင်ငံ မြောက်ပိုင်းက ဂူကြီးတခုထဲ ပျောက်နေတဲ့ ဘောလုံးသမား ဆယ်ကျော်သက် ၁၂ ယောက်နဲ့ နည်းပြကို ရှာဖွေရေးတွေ အပူတပြင်း လုပ်နေကြပါတယ်။

ဒါပေမဲ့ မိုးအကြီးအကျယ် ရွာနေလို့ ရှာဖွေရေး နှောင့်နှေးရပါတယ်။

ကလေးတွေ ဂူထဲပိတ်မိနေတာ ၅ ရက်ရှိလာပြီ

ဂူထဲ အမြင့်ပိုင်း တနေရာမှာ စောင့်နေဖို့ စိတ်ချရတဲ့ အခြေအနေမှာ သူတို့ ရှိကောင်းရဲ့လို့ မျှော်လင့်ကြပေမယ့် ဂူထဲ ဝင်နေကျလူတွေလို သူတို့မှာ ရက်ရှည်နေဖို့ ပြင်ထားတာ မဟုတ်ပါဘူး။

ဂူထဲ ဝင်တဲ့သူတွေကို မေးမြန်းပြီး သူတို့ ပိတ်မိတဲ့အခါ ဘယ်လို ရှင်သန်အောင် ကြိုးစားသလဲ မေးကြည့်ပါတယ်။

အဓိကက နွေးအောင်နေဖို့နဲ့ ရေသောက်စရာ ရှိဖို့ အပြင် အန္တရာယ် ကင်းအောင် နေဖို့ပါလို့ ရှင်းပြပါတယ်။

ပိတ်မိနေရင် ဘာလုပ်မလဲ

ဒီလို ပိတ်မိနေရင် အရင်ဆုံး ကိုယ့်မှာ ဘာအန္တရာယ်မှ မရှိအောင် သတိထားဖို့ လိုတယ်လို့ အမေရိကန်က ဂူတွေထဲ ပိတ်မိနေသူတွေကို ကယ်တဲ့ အဖွဲ့ရဲ့ နိုင်ငံအဆင့် ညှိနှိုင်းရေးမှူး အန်မာ မီဇာက ပြောပါတယ်။

ကျောက်ခဲပြိုကျတာတွေက အန္တရာယ် ရှိပါတယ်။ ဒါပေမဲ့ ပိုဆိုးတာက ရေကြီးတာပါ။

ဂူထဲမှာ အမြင့်ဆုံး နေရာကို ရှာဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အရင်ရေကြီးတုန်းက ဂူထဲမှာ ဘယ်ထိ ရေ ရောက်ခဲ့သလဲ စူးစမ်းဖို့ လိုတယ်လို့ မီဇာက အကြံပေးပါတယ်။

ဂူထဲက ရွှံ့တွေ၊ သစ်ရွက်တွေနဲ့ နံရံက အဖြူရောင် အစင်းအကြောင်းတွေကို ကြည့်ပြီး ရေ ဘယ်ထိ ရောက်ခဲ့တယ် ဆိုတာကို စစ်ဆေးရပါမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ဂူထဲမှာ ကျောက်ခဲတွေ ပြိုကျတာလည်း ဖြစ်နိုင်

နောက် ကိုယ်နဲ့အတူ ဘာတွေ ပါသွားသလဲ စစ်ရပါမယ်။

ဒါမှ ကိုယ့်မှာပါတဲ့ အစားအသောက်၊ ရေ၊ မီး စတာတွေ ဘယ်လောက်ခံအောင် ချွေတာ သုံးစွဲရမလဲ ခန့်မှန်း နိုင်မှာပါ။

နွေးအောင်နေဖို့

ပထမဆုံး အရေးကြီးတဲ့ အန္တရာယ်က အအေးမိတာလို့ မစ္စတာ မီဇာက ဆိုပါတယ်။

အဝတ်တွေ ရေညှစ်ပြီး ခြောက်အောင်ထားပါ၊ အချင်းချင်း ပူးကပ်ပြီး နွေးအောင်နေကြပါလို့ ဆိုပါတယ်။

ထိုင်းဂူတွေထဲမှာတော့ အအေးမိတာက အကြီးအကျယ် ဖြစ်စရာ မရှိပါဘူးလို့ ဗြိတိသျှ ဂူသွားသမား အစည်းအရုံးက အကြီးအကဲဟောင်း အန်ဒီ အီးဗစ်က ပြောပါတယ်။

ထိုင်းမှာ အပူချိန် မြင့်တော့ ၂၃ က ၂၆ ဒီဂရီ စင်တီဂရိတ်လောက်ထိ ဂူထဲမှာ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ဂူထဲက ရေတွေစုပ်ထုတ်ဖို့ ကြိုးစား

မစ္စတာ အီးဗစ်က ထိုင်း၊ မြန်မာ၊ တရုတ် နိုင်ငံတွေက ဂူတွေကို အနှစ် ၅ဝ ကျော် သွားလာနေတဲ့သူပါ။

ဒါပေမဲ့ အခု ပျောက်နေတဲ့ ဂူကြီး အကြောင်းတော့ သူမသိပါဘူး ။

ဒီဂူတွေဟာ ကြီးလွန်းလို့ လေယာဉ်တောင် ဝင်ပျံလို့ ရတယ်လို့လည်း သူက ဆိုပါတယ်။ ဒီဂူတွေ ခေါင်မိုးထိ ရေရောက်ဖို့တော့ မဖြစ်နိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

သူတို့ ရေလွတ်အောင် နေနိုင်ရင်တော့ အအေးမိမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ပြင်သစ်နိုင်ငံ ပိုင်းရနီးစ် တောင်တွေက ဂူတခုထဲ ပိတ်မိတုန်းက အပူချိန်က ၂ ဒီဂရီ စင်တီဂရိတ်ပဲ ရှိတယ်လို့ သူက ပြောပါတယ်။

အဲဒီမှာ ၄ ရက်ကျော် နေခဲ့ရပေမယ့် အပူချိန်ထိန်းတဲ့ ဝတ်စုံတွေ ပါလို့ ကံကောင်းတယ်လို့လည်း ဆိုပါတယ်။

ရေ

အနွေးဓာတ်ရဖို့ အပြင် နောက် အရေးကြီးတာက ရေရှိဖို့ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာက ရေဓာတ် မခမ်းခြောက်ဖို့ ဂရုစိုက်ပါ၊ ဒါပေမဲ့ ဂူထဲက ရေညစ်ပတ်တာတွေကို မသောက်ပါနဲ့၊ အဲဒါတွေကြောင့် ဝမ်းလျှောတာ၊ အန်တာတွေ ဖြစ်ရင် ထပ်ပြီး အခြေအနေဆိုးလိမ့်မယ်လို့ မစ္စတာ မီဇာက ပြောပါတယ်။

တခါ ရေညစ်ပတ်ရင်တောင် ချက်ချင်းတော့ ဒုက္ခမပေးပါဘူး လို့လည်း မစ္စတာ အီးဗစ်က ပြောပါတယ်။

ဂူတွေထဲက ရေအများစုဟာ ဗိုက်ကို ဒုက္ခပေးတတ်ပေမယ့် သောက်လို့ရပါတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂူထဲမှာ ရေကြီးတဲ့ အန္တရာယ်ရှိ

ဗြိတိသျှ ဂူဝင်တဲ့သူတွေ ကယ်ဆယ်ရေး ကောင်စီက အငြိမ်းစား ဥက္ကဋ္ဌ ဘီလ် ဝှိုက်ဟောက်စ်က တော့ ဂူအနားမှာ ရေရှာ ကြည့်ဖို့ ပြောပါတယ်။

ရေစက်ကလေးတွေ၊ ဂူပေါက်ကလေးတွေကနေလည်း ရေသန့်တာ ရနိုင်တယ်လို့ သူက ဆိုပါတယ်။ ရေရှည်မှာတော့ အစားအသောက်က ပြဿနာ ဖြစ်လာတတ်တယ်လို့လည်း သူက ဆိုပါတယ်။

အစားအသောက် ရှိပေမယ့် ချက်ချင်း တထိုင်တည်း စားမပစ်ဖို့ လိုတယ်လို့ မစ္စတာ မီဇာက ဆိုပါတယ်။

လေ

အောက်ဆီဂျင် ရှိဖို့ လိုပါတယ်။ ဒါပေမဲ့ ဒါက ထင်သလောက် ကိစ္စကြီး မဟုတ်ဘူးလို့ ဆိုကြပါတယ်။

ဂူအများစုမှာ အသက်ရှူဖို့ အခက်အခဲ သိပ်မရှိပါဘူး။ လူမဝင်နိုင်တဲ့ နေရာမှာ လေက ဝင်နိုင်ထွက်နိုင်ပါတယ်လို့ မီဇာက ပြောတယ်။

လူတွေ ကျဉ်းတဲ့ တနေရာ ထဲမှာ ပိတ်နေတာ ကြာရင်တော့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ များလာနိုင်ပါတယ်။

ဒါပေမဲ့ လေပြတ်တာက အဓိက ပြဿနာ မဖြစ်နိုင်ဘူးလို့ ကယ်ဆယ်ရေး သမားတွေက ဆိုပါတယ်။

ဂူတွေထဲမှာ အောက်ဆီဂျင် ပမာဏ နည်းတတ်တာတော့ ရှိပါတယ်၊ ဒါပေမဲ့ သိပ်နည်းတာတော့ မဖြစ်တတ်ပါဘူး၊ ဂူပေါ် တည်ပါတယ်လို့ ဝှိုက်ဟောက်စ်က ဆိုပါတယ်။

စိတ်ဓာတ် ကြံ့ခိုင်ဖို့

အစားအသောက်နဲ့ တခြား လိုတာတွေ ရှိရင်တောင် အမှောင်ထဲ ငြိမ်နေရတာ အခက်အခဲ ရှိပါတယ်။

ဒီလို ဖြစ်ရင် ကြောက်လန့်မသွားဖို့ လိုတယ်လို့ မစ္စတာ အီးဗစ်က ဆိုပါတယ်။

ကြောက်ပြီး ထွက်ပေါက်ရဖို့ လိုက်ရှာရင် အန္တရာယ် ပိုရှိတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဂူထဲ ဝင်နိုင်တဲ့နည်းတွေ ရှာနေကြ

ထိုင်းလူငယ် ဆယ်ကျော်သက်တွေကို ရေထဲ ခုန်မချဖို့ တားတာ စတဲ့ ကိစ္စတွေမှာ ထိန်းရတဲ့ သူမှာ ဖိအားတွေ များပါတယ်။

သူတို့ ခေါင်းဆောင်က သူတို့ကို မဟုတ်တာတွေ မလုပ်ဖို့ တားရမှာ လို့လည်း အီးဗစ်က ဆိုပါတယ်။

အမှောင်ထဲ နေရတာ စိတ်ညစ်စရာ သိပ်ကောင်းတယ် လို့လည်း မီဇာက ပြောပါတယ်။

မီးရှိရင်တော့ သိပ်ပြဿနာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

အတွေ့အကြုံရှိတဲ့သူတွေက LED မီးတိုင်တွေ၊ ဘက်ထရီတွေ သယ်ပြီး နာရီရာနဲ့ချီ ခံအောင် လုပ်ကြပါတယ်။

ထိုင်းလူငယ်တွေမှာတော့ ဘာမီးမှ ပါမသွားတာ ဖြစ်နိုင်တယ်လို့ ဝှိုက်ဟောက်စ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption LED မီးတိုင်တွေနဲ့ ဂူတွေထဲ အလင်းရနိုင်

အထွေထွေ

ဂူထဲ ဝင်မယ် ဆိုရင် သေချာ ပြင်ဆင်ပြီးမှ ဝင်သင့်တယ်လို့ မစ္စတာ ဝှိုက်ဟောက်စ်က ပြောပါတယ်။

သေချာ အချက်အလက်တွေ စုပါ၊ သင့်တော်တဲ့ ပစ္စည်းပစ္စယတွေ ယူပါ၊ နောက် ဂူအကြောင်း သိတဲ့သူနဲ့ သွားပါလို့လည်း ရှင်းပြပါတယ်။

ဂူထဲ လမ်းပျောက်သူတွေကို ကယ်သူကောင်းကောင်း ရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုလူမျိုးကို ကိုယ်မသွားခင် ကြိုပြောရပါ့မယ်တဲ့။

စောစောသိရလေ မြန်မြန်ဆန်ဆန် ကယ်နိုင်လေပဲလို့လည်း သူက ဆိုပါတယ်။